နာဇီရထား တွေ့ရှိထားသူ ၂ ဦးကို ပိုလန်ရုပ်မြင်သံကြား ထုတ်ဖော်ပြီ (ရုပ်သံ)

ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီးက ပိုလန်နိုင်ငံအနောက်တောင်ပိုင်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ နာဇီရထားကို တွေ့ရှိထားတယ်ဆိုသူ ၂ ဦး စက်တင်ဘာ ၅ ရက်နေ့ ပိုလန်ရုပ်မြင်သံကြားမှာ ထွက်ပြခဲ့ပါတယ်။ ဂျာမနီနိုင်ငံသား ရီခ်ျတာ Richter နဲ့ ပိုလန်နိုင်ငံသား ကိုပါ Koper တို့ ၂ ဦးဟာ ရထားရှိတယ်ဆိုတာကို အထောက်အထားခိုင်ခိုင်လုံလုံ သိရှိထားတယ်လို့ ပြောဆိုပေမယ့် နေရာနဲ့ အတိအကျကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းတော့ မရှိပါဘူး။ ပြီးခဲတဲ့တပတ်ကတော့ ပိုလန်ယဉ်ကျေးမှုဒုဝန်ကြီးက ဒီရွှေတန်ချိန် ၃၀၀ နဲ့ အဖိုးတန်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ နာဇီရထားဟာ ပိုလန်နိုင်ငံ အနောက်တောင်ပိုင်းက ဝေါ်ဘရစ်ခ်ျ Walbrzych မြို့အနားမှာ ရှိနေတယ်ဆိုတာ ၉၉ ရာခိုင်နှုန်း ယုံကြည်တယ်လို့ ပြောဆိုခဲ့တာပါ။ ပိုလန်ရုပ်သံဌာန TVP ကို သူတို့ ၂ ဦးပြောဆိုခဲ့တာမှာတော့ ဒီရထားရှိတဲ့နေရာ အတိအကျကို ပိုလန်အာဏာပိုင်တွေကို တရားဝင်အသိပေးပြောဆိုထားတယ်လို့ စက်တင်ဘာ ၄ ရက်နေ့က ပြောဆိုခဲ့တာပါ။ သူ့တို့ကိုယ်ပိုင် ကိရိယာပစ္စည်းတွေနဲ့ ကိုယ်တိုင်သုတေသနလုပ်ထားပြီး၊ တခြားမျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေအရ သူတို့ အခုလို သိရှိထားတယ်လို့ ပြောဆိုခဲ့တာပါ။ ပိုလန်အာဏာပိုင်တွေကို လျှို့ဝှက်ပြောဆိုခဲ့တာဖြစ်ပြီး အာဏာပိုင်တွေကတဆင့် ပေါက်ကြားပြီး အခုလိုလူသိရှင်ကြားဖြစ်လာတာကတော့ သူတို့မှာ တာဝန်မရှိဘူးလို့ ဆိုပါတယ်။ ပိုလန်အစိုးရကတော့ ဒီရထားကို ၁၉၆၀ နှစ်တွေမှာ တခါ၊ ၁၉၈၀ နဲ့ ၉၀ နှစ်တွေမှာ တခါ ရှာဖွေခဲ့ပါသေးတယ်။ မြို့ခံတဦးကတော့ အခုလို ရထားတွေ့ထားတယ်ဆိုတဲ့ သတင်းတွေဟာ အရင်ကလည်း ထွက်ပေါ်ခဲ့ပေမယ့် တခါမှ လက်တွေ့မြင်တွေ့ရတာမဟုတ်တဲ့အတွက် လက်တွေ့တွေ့ရှိတော့မှပဲ ယုံကြည့်တော့မယ်လို့ ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up