ပင်လယ်လေညှင်း အမည်ရ နိုင်ငံအများပြားပါဝင်သည့် စစ်ရေးလေ့ကျင့်မှု (ရုပ်သံ)

နိုင်ငံအများအပြား ပါဝင်လေ့ကျင့်တဲ့ ပင်လယ်လေညှင်းလို့ နာမည်ပေးထားတဲ့ ရေတပ် စစ်ရေးလေ့ကျင့်မှု (Sea Breeze) ကို စက်တင်ဘာ ၄ ရက်နေ့က ယူကရိန်းနိုင်ငံ သြဒဲ့စာ ဆိပ်ကမ်းမှာ ငါးရက်မြောက်အဖြစ် လေ့ကျင့်နေကြပါတယ်။
ပင်လယ်နက်ဒေသအတွင်း ဘေးကင်းတဲ့ ရေကြောင်းသွားလာရေး သေချာစေဖို့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကို ပါဝင်လေ့ကျင့်နေတဲ့ နိုင်ငံတွေက အာရုံစိုက်နေတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်မှုဟာ ရေကြောင်းပိတ်ဆို့ စစ်ဆင်ရေး၊ ဒဏ်ရာရ ရေငုပ်သမားတွေကို ကယ်ဆယ်ရေးနဲ့ အမေရိကန် ဒုံးကျည် ဖျက်သင်္ဘော ဒေါနယ်လ်ကွတ်ခ် ပေါ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ပါဝင်လေ့ကျင့်ပါတယ်။
အမေရိကန်ရေတပ် ဖျက်သင်္ဘော စကွက်ဒရွန် ဆစ်ခ်တိ ကွန်မန်ဒို ဗိုလ်ကြီး ရစ်ချာ့ ဒရိုမာဟောင်ဇာက ပင်လယ်နက်မှာ ဒီလို လေ့ကျင့်ခန်းတွေ လာလုပ်တာဟာ ပင်လယ်နက် ဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို အားပေးဖို့ မျှော်လင့်ပြီး မဟာမိတ်တွေ သူငယ်ချင်းတွေနဲ့အတူ အလုပ်လုပ်ရေး လေ့ကျင့်ဖို့ပါလို့ ပြောပါတယ်။
ယူကရိန်းရေတပ် ဒုစစ်ဦးစီးမှူး ဗိုလ်ကြီး အိုလက်စီလီ နေးပါပါက နေတိုးစံချိန်စံညွှန်းနဲ့ အညီ လက်နက်တပ်ဆင်ထားတဲ့ သင်္ဘောတွေနဲ့ ဒုံးကျည် ဖျက်သင်္ဘောတွေပေါ်မှာ ကယ်ဆယ်ရေး လေ့ကျင့်တယ်၊ ရင်ဆိုင်တိုက်ခိုက်သူတွေကို ဖမ်းဖို့ ရေတပ်အုပ်စုတွေက သင်တန်းလေ့ကျင့်နေတာ ဒီနေ့ မျက်မြင်ပဲလို့ ပြောပါတယ်။
သီတင်းပတ် ၂ ပတ်ကြာ ရေတပ်လေ့ကျင့်မှုမှာ အမေရိကန် သင်္ဘောသားအယောက် ၄၀၀၊ ဂျာမနီ၊ ဂရိ၊ ဆွီဒင်နဲ့ ဗြိတိန် အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက အရာရှိတွေ ညွှန်ကြားသူတွေ ပါပါတယ်။
လေ့ကျင့်မှုအတွင်း စစ်သင်္ဘော ၁၈ စီးနဲ့ လေယာဉ်တွေ ရဟတ်ယာဉ်တွေ ၁၄ စီး စစ်သည် အယောက် ၁၅၀၀ ထိ ပါဝင်ပါတယ်။
ယူကရိန်းနိုင်ငံဟာ ခရိုင်းမီးယား သိမ်းပိုက်ခံရပြီးတည်းက သိသိသာသာ အင်အားလျော့ကျခဲ့တာပါ။
ယူကရိန်းဝန်ကြီးချုပ် အာဆေနီ ယာဆေညွတ်က ယူကရိန်း ရေတပ်ကို နေတိုးစံချိန်စံညွှန်းနဲ့အညီ ခေတ်မီအောင် လုပ်ဖို့လိုလားတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖိအားပေး ပြောဆိုခဲ့ပါတယ်။
Sea Breeze စစ်ရေးလေ့ကျင့်မှုဟာ စက်တင်ဘာ ၁၂ ရက်နေ့ထိ ဆက်လက်လေ့ကျင့်မှာပါ။ ဒီစစ်ရေးလေ့ကျင့်မှုကို ၁၉၉၇ ခုနှစ်ကတည်းက ခုထိ နှစ်စဉ် ကျင်းပလာတာ ဖြစ်ပါတယ်။