အောင်ပွဲခံ ထိုင်းဘောလုံးပရိသတ်နှင့် လာအိုလုံခြုံရေး ပဋိပက္ခဖြစ် (ရုပ်သံ)

လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့မှာ စက်တင်ဘာ ၄ ရက်နေ့ ကျင်းပခဲ့တဲ့ အာရှဘောလုံးအဖွဲ့ချုပ် ယူ-၁၉ နောက်ဆုံး ဗိုလ်လုပွဲအပြီးမှာ လာအိုတာဝန်ရှိသူတွေနဲ့ ထိုင်းဘောလုံးပရိသတ်တို့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ထိုင်းပရိသတ် ၂၅ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအတွက် ဗီယန်ကျန်းမြို့၊ ထိုင်းနိုင်ငံဆိုင်ရာသံရုံးက တောင်းပန်စာထုတ်ပြန်ခဲ့တယ်လို့ ချန်နယ်နယူးစ်အေးရှားသတင်းမှာ ဖော်ပြပါတယ်။ အဲဒီပွဲစဉ်မှာ ထိုင်း ယူ ၁၉ အသင်းက ဗီယက်နမ်အသင်းကို ၆ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ အဲဒီပွဲပြီးဆုံးချိန်မှာ ထိုင်းပရိသတ်တွေက ဘောလုံးကွင်းအတွင်းမှာ တဖက်အသင်း မခံသာအောင် အ၀တ်တွေကို မီးရှို့ပြီးအောင်ပွဲခံခဲ့ကြတဲ့အတွက်  လာအို တာဝန်ရှိသူတွေက ထိန်းသိမ်းစဉ်မှာ နှစ်ဘက်လုံးထွေးသတ်ပုတ်ခဲ့ကြတာဖြစ်ပြီး တဖက် ဗီယက်နမ်အသင်းပရိသတ်တွေကလည်း ရေသန့်ဘူးတွေနဲ့ ပေါက်ခဲ့ကြပါတယ်။ “ထိုင်းနိုင်ငံသားပရိသတ်တချို့ဟာ နိုင်ငံကြီးသား မပီသစွာ လာအိုတာဝန်ရှိသူ တွေအပေါ် ပြုမူခဲ့သလို ဖြစ်ခဲ့တဲ့အတွက် များစွာစိတ်မကောင်းဖြစ်ရပြီး တာဝန်ရှိသူတွေ အပါအ၀င် လာအိုပြည်သူတွေကို တောင်းပန်ကြောင်း” ထိုင်းသံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ထိုင်းသံရုံးက တောင်းပန်ပြီးတဲ့နောက် ဖမ်းဆီးထားတဲ့ ထိုင်းဘောလုံးပရိသတ် ၂၅ ဦးကို ဒီနေ့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ခုလိုရမ်းကားခဲ့တဲ့ ထိုင်းနိုင်ငံသား ပရိသတ်တွေကို သုံး သပ်အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up