အမြွှာ ၂၃ တွဲ စာသင်ကြားနေသည့်ကျောင်း (ရုပ်သံ)

2.3K
ဟွန်ဒူရက်စ်နိုင်ငံက ဒန်လီဆိုတဲ့မြို့က စာသင်ကျောင်းတကျောင်းတည်းမှာ အမြွှာမောင်နှမ ၂၃ တွဲ စာသင်နေတာကြောင့် အမြွှာမောင်နှမ အများဆုံး ကျောင်းအဖြစ် မှတ်တမ်းဝင်နိုင်တယ်လို့ ဒေသတင်းသတင်းတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အမြွှာများတဲ့ ကျောင်းမှာ စာသင်နေတဲ့ ကျောင်းသူ တယောက်က တချို့ အမြွှာတွေထဲမှာ တဦးက ယောက်ျားလေး၊ တဦးက မိန်းကလေး၊ တချို့ အမြွှာတွေက စရိုက်ကွာခြားတာတွေကို ကြည့်ပြီး ခွဲမှတ်ထားရတယ်လို့ ပြောပြပါတယ်။
လူဇီဘင်ဆိုတဲ့ အမြွှာညီအစ်မ တယောက်လည်း သူတို့အဖေကိုယ်တိုင်က ညီအစ်မ နှစ်ဦးကို ဘယ်သူက ဘယ်သူဆိုတာ မခွဲခြားတတ်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် တခုခုဆိုရင် ညီအစ်မ ၂ ဦးထဲက တဦးက အပြစ်လုပ်ရင် ဘယ်သူ့ကို ဆူရမလဲဆိုတာကို ဝေခွဲမရ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
အမြွှာတွေ စာသင်နေတဲ့ အရှေ့တိုင်းဌာနရဲ့ လက်ထောက်ညွန်ကြားရေးမှူး ဂျော့ခ်ျ နူနက်စ်ကလည်း တခါတလေ အမြွှာကျောင်းသားတွေက ကျောင်းဝန်ထမ်းတွေကို လှည့်ကွက်လုပ်တတ်တယ်လို့ ဆိုပါတယ်။
တချို့အမြွှာတွေက ခွဲခြားရတာ လွယ်ပေမယ့်၊ တချို့ကတော့ ခွဲခြားရ အလွန်ခက်တာကြောင့် တခါတလေ အမြွှာ ၂ ဦးထဲက ၁ ဦး ရုတ်တရက် နေမကောင်းဖြစ်တဲ့အခါ နောက် ၁ ဥိးက စာမေးပွဲ ၀င်ဖြေတော့လည်း ဘယ်သူမှ မသိကြဘူးလို့ ပြောပြပါတယ်။
ဒီတကျောင်းတည်းမှာ အမြွှာမောင်နှမတွေ၊ ညီအစ်မတွေ ဘာကြောင့် များရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရပါဘူး။
နယ်ခံ သတင်းတွေအရ ဒန်လီမြို့မှာ အမြွှာမွေးဖွားတာ အလွန်များပြီး ဒီလို မွေးတာကိုလည်း မင်္ဂလာရှိတယ်လို့ မြို့ခံတွေက ယူဆကြတယ်လို့ ဆိုပါတယ်။