Home
မေးမြန်းခန်း
လက်နက်ကိုင် ပဋိပက္ခဟာ ဘာတခုမှ အကျိုးကျေးဇူးမရဘူး-သူရဦးတင်ဦး
မျိုးဇော်လင်း
·
September 5, 2015
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် တရပ်လုံးအနက် ပါဝင်လက်မှတ်ရေးထိုးမယ့် တိုင်းရင်းသားအဖွဲ့အစည်းအရေအတွက်နဲ့ ပတ်သက်လို့ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်တွေအကြား ညှိနှိုင်းဖို့ကျန်ရှိပြီး ဒီအဆင့်ကို ကျော်လွှားနိုင်ရင် မြန်မာ့ပြည်တွင်းစစ်သမိုင်း အဆုံးသတ်မယ့် စာချုပ်ကို ပြည်တွင်းပြည်ပ အသိသက်သေတွေရှေ့မှောက် လက်မှတ်ရေးထိုးနိုင်တော့မှာဖြစ်ပါတယ်။ ဒီအဆင့်ကို ကျော်လွှားညှိနှိုင်းဖို့အတွက်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ထိပ်သီးခေါင်းဆောင် ၅ ဦးနဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ခေါင်းဆောင် ၃ ဦးဟာ လာမယ့် စက်တင်ဘာ ၉ ရက်နေ့ကျရင် နေပြည်တော်ကိုသွားရောက်ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီအခြေအနေဟာ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ မြန်မာပြည် ပြည်တွင်းစစ်သမိုင်းတလျှောက် ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ အဆင့်အမြင့်ဆုံး ရောက်ရှိတဲ့အဆင့်ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းရွက်ခဲ့ဖူးသူ၊ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးကို ဒီဗွီဘီသတင်းထောက် ကိုမျိုးဇော်လင်းက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အခုဆိုရင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးနိုင်ဖို့အတွက် ပါဝင်လက်မှတ်ရေးထိုးမယ့်အဖွဲ့ အရေအတွက်နဲ့ပတ်သက်လို့ ညှိနှိုင်းစရာပဲကျန်တော့တယ်။ အစိုးရဘက်က ၁၅ ဖွဲ့ပဲ လက်ခံတယ်။ ၆ ဖွဲ့ကို လက်မခံဘူး။ ဒီအခြေအနေဟာ တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်နဲ့ပတ်သက်လို့ ဘဘအမြင် ပြောပြပါ။ “ဒါတွေကတော့ ရသမျှအကျိုးကျေးဇူးကတော့ အများစုကတော့ ငြိမ်းချမ်းချင်ကြတယ်ဆိုတာကတော့ တပြည်လုံးအတိုင်းအတာနဲ့ရော၊ တိုင်းရင်းသားတွေ အနေနဲ့ရော အကုန်လုံး ညီကြပါတယ်။ ငြိမ်းချမ်းမှလည်း ကောင်းကြမှာပေါ့နော်။ မငြိမ်းချမ်းသမျှ ကာလပတ်လုံးကလည်းပဲ ရှေ့ဆက် တိုင်းပြည်အတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါလည်း အကုန်လုံးလည်း သိပြီး ကြိုးစားနေကြတာပေါ့။ အဲဒီတော့ကာ အခု ၁၅ ဖွဲ့ပဲ ထိုးထိုးပေါ့နော်။ ကျန်တဲ့သူ ကျန်ပစေပေါ့။ သို့သော်လည်းပဲ သူတို့ လွတ်လပ်မှုဆိုတာတော့ ရှိတာပေါ့။ သူတို့စိတ်ဓာတ်နဲ့ သူတို့ရှိတာကိုတော့ ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်၊ အတင်းအကျပ် ဒီလိုသွားပြောလို့တော့ မရဘူး။ သို့သော် သူတို့စိတ်ဓာတ်ထဲမှာ လုပ်ချင်ကိုင်ချင်လာအောင်၊ အပစ်အခတ်ရပ်စဲတာတို့ အဲဒီကမှတဆင့် ခုန သူတို့အတွက် ရှေ့ဆက်လုပ်ရမယ့် သူတို့ပြည်နယ်၊ သူတို့နေတဲ့နေရာ ပြန်လည်ထူထောင်ရေးလုပ်တဲ့နေရာမှာ မျှမျှတတပေါ့ ထူထောင်နိုင်အောင်နဲ့ နောက်ပြီးတော့ ထွက်လာတဲ့ သယံဇာတပစ္စည်းတွေအပေါ်မှာလည်းပဲ ယုံကြည်စိတ်ချလောက်အောင် ညှိနှိုင်းပြီးတော့ သူတို့သုံးစွဲခွင့်ရနိုင်တာ၊ ပြုနိုင်တာ။ သူတို့ကံကြမ္မာ သူတို့ ဖန်တီးနိုင်တာ။ ဒါမျိုးတွေကို ယုံကြည်အောင် လုပ်ပေးနိုင်တာကို ဆက်ဆွေးနွေးမယ်၊ ဆက်လုပ်မယ်ဆိုတာ သူတို့ ပြောနေကြတော့ကာ။  ဒါတွေပြောနေတာကလည်းပဲ အပစ်အခတ်ရပ်စဲမှ လုပ်လို့ရတာကိုး။ အပစ်အခတ်မရပ်စဲဘဲနဲ့တော့ ဘယ်လုပ်လို့ရမလဲ။ ရပ်စဲပြီးတာနဲ့ ရပ်စဲတဲ့အပိုင်းတွေမှာတော့ ဒါတွေကို နောက်လူတွေကလည်း ကျန်တဲ့သူတွေပါ ယုံကြည်လာအောင်၊ စိတ်ပါလာအောင်တော့ လုပ်ပြဖို့လိုတာပေါ့။ အဲလိုမဟုတ်ဘဲနဲ့ ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးဆိုတာကို လက်မှတ်ထိုးပြီးတော့ ဆက်ပြီး အကောင်အထည်မဖော်ဘဲနဲ့ မြင်ရင် သူတို့ကလည်း သူတို့လုံခြုံရေးအတွက် ကာကွယ်ချင်တယ်ဆိုတဲ့ ကာကွယ်ဖို့ဆိုတော့ သူသူကိုယ်ကိုယ်ပြန်ရှိတာပဲလေ။ အဲဒါကိုလည်း နားလည်ဖို့လိုတာပေါ့နော်။ အဲဒီတော့ အဲဒီလိုဟာမျိုးဖြစ်နေတာကို ပျောက်ပြယ်အောင်လုပ်ဖို့ကတော့ အခု အဖွဲ့တွေ ထိုးပြီးရင်တော့ ရှေ့ဆက်ပြီးတော့ သူတို့အတွက် ရရမယ့်အခွင့်အရေးပေါ့။ ဒါတွေက ခုနပြောခဲ့ပြီးပါပြီ။ သူတို့တန်းတူရည်တူ ရပ်တည်နိုင်ရေး၊ သူတို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ဆိုတာတွေကတော့ ရှိဖို့လိုတာပေါ့။ နောက်ပြီးတော့လည်းပဲ တကယ်ကိုစစ်မှန်တဲ့ ပြည်ထောင်စုသဘောမျိုးပေါ့နော်။ ဆိုတော့ အခုပြောနေတာ၊ အခုအရေးဆိုနေတာ ကြားပါတယ်။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ထဲမှာတောင်မှလည်း သူတို့ပြည်နယ်အုပ်ချုပ်မယ့်အကြီးအကဲကို သမ္မတက ခန့်မှ၊ သဘောတူမှ ဖြစ်တယ်ဆိုတာကို ဒါတွေက တနည်းတလမ်းဖြင့် ချုပ်ချယ်တာတွေဖြစ်တယ်လို့သဘောပေါက်တာ။ ဒါတွေ ပြေပြစ်အောင်လုပ်ဖို့လိုတာပေါ့။ သူတို့ဆီထဲက ရွေးချယ်ခံရတဲ့ပုဂ္ဂိုလ်ထဲက ရှိတာတို့၊ ခေါင်းဆောင်ရှိရင် ဒီခေါင်းဆောင်က သူတို့ယုံကြည်စိတ်ချရမယ့် ခေါင်းဆောင်လို့ သူတို့တင်ရင်၊ သူတို့ပြည်နယ်မှာ ဒါ အကြီးအကဲဖြစ်ပေါ့။ ဒီလိုမဟုတ်ဘဲနဲ့ ဗဟိုက ခွင့်ပြုချက်ရမှဆိုတော့ ဒါတွေက အခု ရှိလည်းရှိနေသေးတယ်လေ။ ဒါတွေကို သူတို့ယုံကြည်အောင် ပြေပျောက်အောင် လုပ်ကိုင်ပေးသွားပြီးတော့မှ သူတို့အတွက် ထူထောင်ပေးတဲ့နေရာမှာ နိုင်ငံရေးနဲ့ပတ်သက်လို့ အခွင့်အရေးတွေက ဘယ်လောက်လွတ်လပ်ခွင့်ရှိတယ်။ နောက်ပြီးတော့ သူတို့ကိစ္စ သူတို့ဖန်တီးဖို့ဟာက ဘယ်လောက် သူတို့ကို လုပ်နိုင်ခွင့်ရှိတယ်။ နောက်ပြီးတော့လည်းပဲ တိုင်းပြည်မှာ ချမ်းသာသမျှထွက်လာတယ်ဆိုသော်လည်းပဲ အားလုံး တပြည်ထောင်စုသားအတွက် မျှတပြီး ဝေမျှခံစားနိုင်ဖို့၊ ဥပမာ ရေနံထွက်တဲ့နေရာ ရေနံအလျောက်၊  ဆန်စပါးထွက်တဲ့နေရာ၊ ကျွန်းသစ်ထွက်တဲ့နေရာ၊ ဓာတ်သတ္တုထွက်တဲ့နေရာ အဲဒါတွေနဲ့ ပတ်သက်တာအားလုံးကို အကျိုးခံစားမှာတော့ရင် ဒါကို ကျေကျေလည်လည်၊ ကျေကျေနပ်နပ်ဖြစ်အောင်၊ တိုင်းရင်းသားတွေကိုယ်တိုင်ကလည်း ယုံကြည်သွားရအောင်က ချမ်းသာမှုခွဲဝေတဲ့ကိစ္စ။ နောက် တပြည်ထောင်စုလုံးလုပ်ရမယ့်ကိစ္စ၊ တပြည်ထောင်အလိုက်ကိစ္စ၊ ဥပမာမယ် နိုင်ငံတော်ကာကွယ်ရေးဆိုရင်တော့ ဒါ ပြည်ထောင်စုကိစ္စ၊ ဆိုတော့ တပ်နဲ့ပတ်သက်ပြီးတော့ တပေါင်းတစည်းတည်းဖြစ်ဖို့ ဆိုတာပေါ့။ တပေါင်းတစည်းတည်း ဘယ်လိုလုပ်နိုင်မလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းခေတ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းက ဉာဏ်ပညာလည်းကြီးကျယ်တယ်၊ အတွေးအခေါ်လည်း အင်မတန်မှ မြတ်တယ်၊ ကြီးတယ်။ တိုင်းရင်းသားတွေအပေါ်မှာလည်း ယုံကြည်မှုရှိအောင်လုပ်တယ်ဆိုတော့၊ “တပ်ပြန်ဖွဲ့စည်းတဲ့အခါမှာ ဗမာ့တပ်မတော် တပ်ရင်း (၅)၊ တပ်ရင်း (၄)၊ တပ်ရင်း (၃) ထားသလိုပဲ သူတို့ ကချင်တပ်ရင်းတို့၊ ကချင်ရိုင်ဖယ်၊ first ရိုင်ဖယ်တို့ second ရိုင်ဖယ်တို့ third ရိုင်ဖယ်တို့၊ ချင်းမှာလည်း first ချင်းတို့၊ second ချင်းတို့၊ third ချင်းတို့၊ ကယားမှာလည်း first ကယားတို့။ သူ့လူမျိုးအလိုက် လိုက်ပြီးတော့ အရေအတွက်နဲ့ ရှမ်းဆိုလည်း first ရှမ်း၊ second ရှမ်း စသဖြင့်ပေါ့ အဲဒီလိုဟာလေးတွေက ခုနလိုပဲ တန်းတူရည်တူဖြစ်တယ်။ ဥပမာမယ် ခုဟာက bord guard ပေးမယ်တို့ မင်းတို့ သီးသန့်ပေးမယ်တို့ ဒါမျိုးတွေထက် အရင်တုန်းကလို သူတို့ရဲ့ လူမျိုးအလိုက် အမည်တပ်ပြီးတော့ သူတို့ခေါင်းဆောင်ထဲကနဲ့ အကုန်လုံးအုပ်ချုပ်ပြီးလျှင် တပေါင်းတစည်းတည်း တပ်မတော်မှာ ကွပ်ကဲမှု တခုတည်းပေါ့နော် သွားတယ်ဆိုလို့ရှိရင်တော့ စိတ်အချရဆုံး၊ အဲဒီလို ကွပ်ကဲသွားတဲ့အခါမှာ အမျိုးသားတွေအနေနဲ့တည်းက တိုင်းရင်းသားတွေကလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ မြန်မာထဲကလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ နောက်ပြီးတော့ အခွင့်အရေး၊ အရည်အချင်းတူတယ်ဆိုရင်လည်းပဲ သူတို့ကို အကဲသာတဲ့အနေနဲ့ လုပ်ခွင့်ပေးတာမျိုးတို့ ဘာတို့။ မှတ်မိလိမ့်ဦးမယ် သမ္မတလုပ်တာတောင်မှပဲ ပထမ မြန်မာလုပ်တယ်။ နောက်တော့ ကရင်အမျိုးသားပေးတယ်၊ နောက်တော့ ကချင်အမျိုးသားပေးမယ်ဆိုတာမျိုး။ တပ်ထဲမှာလည်း အလားတူပဲပေါ့။ အခုဟာ က ဘယ်လိုဖြစ်သွားသလဲဆိုတော့ ၁၉၆၂ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ခေါင်းပုံဖြတ်ခြင်းမရှိရဘူး၊ လူလူချင်းခေါင်းပုံတောင် မဖြတ်ဖူးဆိုတဲ့အတွက် တပ်ထဲမှာလည်း ဒီလို ခေါင်းပုံဖြတ်လုပ်တာမဟုတ်ဘဲနဲ့  တပ်ကိုတပေါင်းစည်း ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ လုပ်လိုက်တဲ့ပုံက သူတို့ရဲ့အမျိုးသားရဲ့ အမည်နာမ ပျောက်သွားတဲ့အပေါ်မှာလည်း သူတို့က ဘ၀င်မကျတာတွေရှိမှာပေါ့။ "အဲဒီတော့ ဥပမာ ဟိုမှာ တပ်မတခုထောင်တယ်ဆိုရင် ၀မ်းရီဂျင့်မင့်၊ တူးရီဂျင့်မင့်၊ သရီးရီဂျင့်မင့်ဆိုပြီး နံပါတ်တွေနဲ့ဖြစ်သွားတာပေါ့။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ဖြစ်သင့်တာကတော့ဖြင့် ဘယ်လိုပဲတပ်မဖွဲ့ဖွဲ့ပေါ့ သူတို့ရဲ့တိုင်းရင်းသားအလိုက် အမည်လေးတွေနဲ့ပေါ့။ အရင်တုန်းကလည်း first kachin, second kachin, third kachin တို့ရှိသလို သူတို့တပ်မှူးနဲ့ သူတို့ရဲဘော်တွေနဲ့ ။ နောက်ပြီးတော့ အချိန်တန်ကျ တိုင်းပြည်ကာကွယ်တဲ့အခါ၊ အန္တရာယ်ဖြစ်တဲ့အခါကျတော့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ပေါ့။ ဥပမာမယ်ဆိုလို့ရှိရင် ဘဘတို့အနေနဲ့ရန်သူတိုက်ခိုက်နေတဲ့အခါမှာ၊ အန္တရာယ်ကျလို့၊ အန္တရာယ်ဖြစ်နေတဲ့အခါမှာ ကချင်တပ်ရင်းက လာရောက်ပြီး စစ်ကူဝိုင်းကူညီတာတို့၊ သူတို့ဒုက္ခရောက်လို့ရှိရင်လည်း သွားကူညီတာတို့။ ဘယ်နေရာမှာ သက်သေထူလို့ရလဲဆိုတော့ ရှမ်းပြည်နယ်နဲ့ပတ်သက်ပြီးတော့ ကေအဲန်ဒီအိုတက်လာပြီးတော့ ရှမ်းနဲ့မြန်မာနဲ့ဖြစ်တာပဲဆိုတဲ့အချိန်အခါမှာ ရှမ်းစော်ဘွားေါင်းဆောင်တွေထဲက စောခွန်ချိုတို့လိုပုဂ္ဂိုလ်တွေ။ အင်မတန်တိုင်းပြည်ကို ဉာဏ်ပညာကြီးကျယ်တဲ့ပုဂိုလ်တွေ၊ ဦးနုလို ဉာဏ်ပညာကြီးကျယ်တဲ့ပုဂိုလ်တွေက ညှိနှိုင်းပြီးတော့ ပြည်ထောင်စုအရေးဆိုတဲ့ လုပ်လိုက်တဲ့အခါကျတော့ ခုန ရှမ်းတပ်တွေကလည်း အဲဒီအခါမှာ ပါဝင်ပြီးတော့ ပြည်ထောင်စုအတွက် ဆောင်ရွက်ပေးလိုက်တဲ့အတွက် တော်တော်လေးကောင်းမွန်တဲ့အခြေအနေဖြစ်သွားတာမျိုးတွေ၊ နောက်ပြီးတော့လည်းပဲ ကျနော်တို့ ဒါ ကရင်-ဗမာ ဖြစ်တဲ့အရေးအခင်းပဲ တို့ရှမ်းတပ်က ဘာမှ မဆိုင်ဘူးဆိုပြီးနေတာမျိုးမဟုတ်ဘဲနဲ့ စောခွန်ချိုတို့လိုပုဂ္ဂိုလ်တွေက ဘာတွေက လာရောက်ပြီးတော့ ညှိနှိုင်း၊ ပြေလည်ပြီးတော့ ပြည်ထောင်စုတပ်ဖြစ်သွားတာတွေ၊ မြောက်ပိုင်းတိုင်းတခုလုံးဟာ အဲဒီတုန်းက လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်း ကေအန်ဒီအိုပေါ့၊ နော်ဆိုင်းတို့ပေါင်းစပ်ပြီး သိမ်းသွားပြီး ကျသွားလို့ အားလုံးတပ်တွေဟာ ဖရိုဖရဲဖြစ်တဲ့အချိန် ရန်ကုန်အစိုးရလို့ခေါ်ရမယ့် အချိန်မျိုးမှာတောင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တခုလုံးကို ကချင်ဗိုလ်မှူးတယောက်က၊ ဗိုလ်မှူးကြီးက သူက ဗိုလ်မှူးချုပ်တာဝန် ထမ်းဆောင်ပြီးတော့ အဲဒီမှာရှိတဲ့ ကချင်တိုင်းရင်းသားတွေ၊ အခြားသောတိုင်းရင်းသားတွေ ပေါင်းစပ်ပြီးတော့ အထက်ဗမာပြည်မှာရှိတဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပြန်လည်သိမ်းပိုက်ပြီး တပ်တွေစုစည်းအောင်မြင်အောင်လုပ်ပေးခဲ့တဲ့ စိတ်ဓာတ်နဲ့ပညာ၊ စိတ်ဓာတ်နဲ့ ဆောင်ရွက်ပေးခဲ့တဲ့ စေတနာနဲ့ ပြန်လည်ပြီးတော့ တပ်တည်ဆောက်နိုင်ခဲ့တာတွေ ဒါတွေက သက်သေသာဓကတွေရှိပါတယ်။ ပြည်ထောင်စုအတွင်းမှာရှိပြီး ညီညီညွတ်ညွတ်လုပ်မယ်ဆိုတာတွေက ရှိပြီးသားပဲ။ အခုလည်းပဲ ပြည်ထောင်စုထဲက ခွဲထွက်မှာမဟုတ်ဘဲနဲ့ ညီညီညွတ်ညွတ်လုပ်မယ်ဆိုတဲ့အခါကျတော့ ဒီလိုသဘောထားတွေ၊ ဖြစ်ခဲ့တဲ့ အစဉ်အလာတွေကို စဉ်းစားပြီးတော့ တတ်နိုင်သမျှ တန်းတူရည်တူဖြစ်အောင်ပေါ့နော် လုပ်ကိုင်သွားပြီးတော့ ဆောင်ရွက်ပေးမယ်ဆိုရင် သူတို့လည်း ယုံကြည်မှုရ၊ သူ့ကိုယ်သူ ကာကွယ်နိုင်တာလည်းဖြစ်၊ အရေးအကြောင်းပေါ်လာလို့ နိုင်ငံနဲ့ချီပြီးတော့ ကာကွယ်ရမယ်ဆိုရင်လည်းပဲ သူတို့က ပြည်ထောင်စုစိတ်ဓာတ်နဲ့ပေါ့ တပါတည်းကာကွယ်လာနိုင်တဲ့စိတ်ဓာတ်ပေါ်ပေါက်ပြီး ဆောင်ရွက်နိုင်ပါတယ်။ "အဲဒီတော့ တပ်မတော်အနေနဲ့ပတ်သက်လို့လည်း အလားတူပဲ ပြန်လည်ပြီးတော့ ယုံကြည်စိတ်ချနိုင်မယ့် အဖွဲ့အစည်းမျိုးကို ပြန်ပြီးတော့ ညီညီညွတ်ညွတ်နဲ့ ညှိနှိုင်းပြီးတော့ကာ ဆောင်ရွက်မယ်၊ လူများတာကတော့ ဗမာကတော့ များတယ်၊ ဗမာများတဲ့အတွက် ဗမာတပ်တော့ များချင်များမှာပေါ့။ သို့သော်လည်းပဲ လူနည်းစုဖြစ်သော်လည်းပဲ သူတို့နဲ့ပတ်သက်တဲ့ အချိုးကျအရ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် ရပ်တည်နိုင်အောင် ပေးတဲ့ဟာမျိုး လုပ်ကိုင်ပေးသွားခြင်းအားဖြင့် ညှိနှိုင်းအဖြေရှာရင်တော့ ပေါ်နိုင်ပါတယ်။ အဲသလို ဆောင်ရွက်သွားရင်တော့။ အဓိကကတော့ ဒီနေ့အခန်းကဏ္ဍကတော့ အရေးကြီးတဲ့ကဏ္ဍ၊ အဓိကလို့ မပြောချင်ပါဘူး။ အဓိကက ပြည်သူလူထုပါ။ အင်အားတကယ်ရှိတာက ပြည်သူလူထု၊ တိုင်းရင်းသားပြည်သူလူထုက တကယ်အင်အားရှိတာပါ။ သူတို့က ပါဝင်တဲ့နေရာမှာ အရေးကြီးတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့မပါရင်လည်း မဖြစ်ဘူးဆိုတဲ့အတွက်၊ သူတို့ပါသည့်တိုင်အောင်လည်းပဲ တတ်နိုင်သမျှ ယုံကြည်မှုရအောင်၊ တိုင်းရင်းသားတွေ ယုံကြည်မှုရအောင်။ အခု ဟုတ်လား အပစ်အခတ်ရပ်စဲပြီးရင် တတွဲတည်းပါလာမှာကတော့ သူတို့ယုံကြည်မှုရအောင် ဆောင်ရွက်ဖို့လိုတယ်။ ကာကွယ်ပေးတဲ့နေရာမှာ အားလုံးတိုင်းရင်းသားတွေ အတူတကွ ကာကွယ်ကြပေးတယ်။ ကိုယ့်အဖွဲ့အစည်းလေးနဲ့ကိုယ် တိုင်းရင်းသားက သံသယရှိသေးလို့ လက်နက်ကိုင်စွဲထားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ပြေပျောက်သွားတဲ့အထိ ယုံကြည်မှုရအောင် လုပ်ကိုင်ပေးခြင်းဖြင့် ဆောင်ရွက်သွားရင် လိုချင်တဲ့ဥစ္စာကတော့ ပေါ်လာမှာပဲ။ အဲဒီတော့ တဖက်တလမ်းကလည်း ဘာလဲဆိုတော့ ပြောချင်တာက တပ်ချည်းလည်းမဟုတ်ဘူး။ အများကြီးထွန်းကားဖို့ဆိုတာက လူမှုရေးအဖွဲ့အစည်းတွေက ထွန်းကားဖို့လိုတယ်။ လူမှုရေးအဖွဲ့အစည်းတွေက ထွန်းကားလာရင် သူတို့က ဘာလုပ်မလဲ။ လူသားတွေအကျိုးအတွက်၊ လူသားတွေနဲ့ပတ်သက်တဲ့၊ တိုင်းရင်းသားတွေအပါအ၀င် လူသားတွေနဲ့ပတ်သက်တဲ့ ထောက်ပံ့တဲ့၊ သူတို့ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ လူသားအတွက်၊ လူသားအကျိုးငှာလုပ်တဲ့ အဖွဲ့အစည်းတွေပေါ့ ဒါတွေဟာ ပေါ်လာပြီးတော့ ကချင်ကလည်း ပါရမယ်၊ ချင်းကလည်း ပါရမယ်၊ သူ့ဟာသူ လုပ်ကိုင်သွားခြင်းဖြင့် အဲဒါတွေ စုပေါင်းလုပ်ပြီးတော့ အဖြေရှာသွားကြမယ် ဆိုရင်လည်းပဲတနည်းတလမ်းတော့ အထောက်အပံ့တွေရပြီးတော့ ယုံကြည်ပြီးလာကြမှာဖြစ်တယ်။ အဲဒီတော့ အဲသလိုပဲ ဆောင်ရွက်သွားကြတာမျိုးကို အလားတူက တပ်အနေနဲ့လည်းပဲ ယုံကြည်မှုရအောင်ပေါ့နော် ဆောင်ရွက်သွားပြီးတော့ အမြင်မှာရော၊ တကယ်လက်တွေ့လု ပ်ကိုင်တဲ့နေရာမှာရော ယုံကြည်အောင်ပေါ့ လုပ်ကိုင်ပေးသွားမယ်ဆိုရင် စိတ်ရှည်လက်ရှည်ထားပြီးတော့ လုပ်ရင်တော့ ပိုကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခု လက်နက်နဲ့ပဋိပက္ခဖြစ်ခဲ့တာ လွတ်လပ်ရေးအစက ဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခဟာ ဒီနေ့ထိ အားလုံးနောင်လာနောင်သားတွေအတွက် ဘာတခုများ အကျိုးကျေးဇူးရခဲ့သလဲဆိုတော့ ဘာတခုမှ အကျိုးကျေးဇူးမရဘူး။ တနေ့တနေ့ တိုင်းပြည်သာ ဆုတ်ယုတ်သွားတယ်။ ဒါတွေနဲ့ သံဝေဂရကြပြီးတော့ သင်ခန်းစာကောင်းတွေယူကြပြီးတော့ လက်ရှိခေါင်းဆောင်တွေအနေနဲ့ သဘောထားကြီးကြီးနဲ့ တပ်ပိုင်းကလည်း တပ်ပိုင်းအလျောက်၊ တပ်မတော်သားတွေကလည်း တပ်မတော်သားတွေလည်း တပ်မတော်သားအလျောက်၊ နောက် ပါတီတွေလည်း အလားတူပဲ နားလည်ပြီးတော့ ပူးပေါင်းပြီးတော့ အဲဒီအပေါ်မှာ ဆောင်ရွက်မယ်ဆိုရင်တော့ နောင်လူနောင်သားတွေအတွက် အေးမြတဲ့၊ အေးချမ်းတဲ့ အရိပ်အယောင် မြင်လာနိုင်ကောင်းရယ်လို့ ဒီလို အောက်မေ့ပြီးတော့ အခုလည်း ဒီကိစ္စနဲ့ပတ်သက်လို့ အောင်မြင်အောင် ၀ိုင်းပြီးကြိုးပမ်းဆောင်ရွက်နေကြပါတယ်လို့ ပြောချင်တယ်။ ကြိုးပမ်းဆောင်ရွက်ကြဖို့လည်း  လိုတယ်လို့ ပြောချင်တယ်။ တတွဲတည်း အပစ်အခတ်ရပ်စဲတာနဲ့ တပြိုင်နက်တည်းပဲ သူတို့ပြည်နယ်တွေနဲ့ ပတ်သက်တဲ့အားလုံးကို သူတို့ယုံကြည်စိတ်ချနိုင်အောင်၊ နိုင်ငံကို ထူထောင်နိုင်ပြီးတော့ ဖြစ်သွားရအောင် ကြိုးစားလုံးပန်းပေးသွားရင်တော့ ဒါ အကောင်းဆုံးပဲလို့အောက်မေ့ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024