ညီအစ်မကို မုဒိမ်းကျင့်ရန် အမိန့်ပေးမှု အိန္ဒိယရွာကောင်စီ ငြင်းဆန် (ရုပ်သံ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်က ရွာကောင်စီက အစ်ကိုဖြစ်သူဟာ ဇာတ်မြင့်အမျိုးသမီးကို ခိုးပြေးလို့ ညီမဖြစ်သူ မိန်းကလေးငယ် ညီအစ်မ ၂ ဦးကို မုဒိမ်းကျင့်ဖို့ အမိန့်ပေးတယ်ဆိုတဲ့ စွဲချက်ကို ငြင်းဆိုလိုက်ပါတယ်။
စွပ်စွဲချက်က အရင်လက စထွက်ပေါ်လာပြီး တောမီးလို ပျံ့နှံ့ခဲ့ပါတယ်။
ရိုက်တာ သတင်းဌာနက လူတွေ့မေးမြန်းရာမှာ ဖခင်ဖြစ်သူ အငြိမ်းစားစစ်သားက ရွာကောင်စီ အစည်းအဝေးလုပ်ချိန်မှာ သူတို့ မတက်ရလို့ အမိန့်ကို အတည်မပြုနိုင်ဘူးလို့ ဖြေပါတယ်။
ရွာသားတဦးက သူများဆီက ကြားလာတယ်လို့ ပြောတာဆိုပြီး ဘယ်သူဘယ်ဝါက ပြောကြောင်း သူက နာမည်ဖော်ထုတ်ခဲ့ပါတယ်။
ရွာကောင်စီရဲ့ အမိန့်လို့ ပြောကြတဲ့ အချက်ကို နိုင်ငံတကာက ဝေဖန်ရှုတ်ချခဲ့ကြပြီး ထောင်သောင်းချီနေတဲ့ လူတွေက ညီအစ်မ ၂ ဦး ဘေးကင်းရေးအတွက် တောင်းဆိုခဲ့ကြတာပါ။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး (Amnesty International) က ဇာတ်နိမ့်ညီအစ်မအတွက် တရားမျှတမှုနဲ့ အကာအကွယ်ပေးဖို့ အွန်လိုင်းပေါ်ကနေ အသနားခံလွှာ တင်ရာမှာ လူအယောက် ၂ သိန်း ၆ သောင်းက လက်မှတ်ရေးထိုးခဲ့ကြတာပါ။
စွဲချက်ကြောင့် မိသားစုရဲ့ ရှေ့နေက ညီအစ်မတွေကို ကာကွယ်ဖို့ အရင်လက တရားရုံးချုပ်ကို အသနားခံလွှာ တင်ခဲ့ပါတယ်။
ရွာကောင်စီတွေက တရားစီရင်တာဟာ အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ ရှိနေပါတယ်။
နှုတ်မိန့်သာပေးလေ့ရှိပြီး မှတ်တမ်းမထားလို့ ဒီအမှုကို အတည်ပြုရ ခက်ခဲနေပါတယ်။
ရိုက်တာ သတင်းဌာနက အခင်းဖြစ်ရာ ရွာဆီ သွားခဲ့ပြီး မတော်တဆမှုမှာ ပါဝင်တဲ့ လူအယောက် ၂၀ ကျော်ကို လူတွေ့မေးမြန်းရာမှာ တယောက်ကမှ ခုလို အမိန့်ချကြောင်း သက်သေရှိတယ်လို့ မပြောခဲ့ကြပါဘူး။
ရွာကောင်စီဟာ ဇာတ်မြင့်တွေနဲ့ ဖွဲ့စည်းထားပြီး အမျိုးသမီး ၈၀ ရာခိုင်နှုန်း ပါပါတယ်။
အကြီးအကဲ ဇာတ်နိမ့် အမျိုးသမီးက ဒါမျိုး အစည်းအဝေး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
အိန္ဒိယအခြေစိုက် Amnesty International အဖွဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ဂိုပိကာ ဘာရှီကတော့ ဇာတ်လမ်းအပေါ် သံသယတွေ ရှိနေပေမယ့် အသနားခံလွှာကို ရုပ်သိမ်းဖို့ အစီအစဉ် မရှိဘူးလို့ ပြောပါတယ်။
“ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်အရာရှိတွေ ဒီအရေးကို ဖြေရှင်းဖို့ ညွှန်ကြားပြီးပြီလို့ ကျန်ခဲ့တဲ့ ရက်တွေက ပြောတယ်။ မိသားစုကို ကာကွယ်ဖို့ ဆက်တွန်းအားပေးသွားမယ်။ သူတို့က ခုထိ ရွာကို မပြန်ရသေးဘူး။”
ဒီအမှုကို တရားရုံးချုပ် တိုင်ခဲ့တဲ့ ရှေ့နေကလည်း မိန်းကလေးတွေ ဘေးကင်းရေး စိုးရိမ်ကြောက်ရွံ့နေလို့ အချက်အလက် စစ်ဆေးဖို့ ပျက်ကွက်တယ်ဆိုတဲ့ စကားကို ငြင်းပါတယ်။
မုဒိမ်းကျင့်ဖို့အမိန့်ဟာ တရားမဝင်လို့ ဘယ်လို စာရွက်စာတမ်း၊ မှတ်တမ်းသက်သေမှ မရှိနိုင်ဘူး၊ အစည်းအဝေးကို တက်ခဲ့တဲ့ ဘယ်သူကမှ ဒီအမိန့်ထုတ်တဲ့အထဲ သူလည်းပါတယ်လို့ လာပြောမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ထွက်ပြေးရတဲ့ အစ်မကြီးဖြစ်သူကတော့ အိန္ဒိယမှာ အမျိုးသမီးတွေဟာ သူတို့မလုပ်တဲ့ ကိစ္စတွေအတွက် အပြစ်ပေးခံရတာ ခဏခဏ ဖြစ်နေလို့ ခြိမ်းခြောက်မှုကို အတည်ယူခဲ့တယ်လို့ ပြောပါတယ်။
“မိန်းကလေး တယောက်အတွက် ဂုဏ်သိက္ခာက အင်မတန် အရေးကြီးတယ်။ ဘယ်သူကမှ ကျမရဲ့ ဂုဏ်သိက္ခာကို ထိပါးတာ မလိုချင်ဘူး။ ဒါကြောင့် ကျမတို့ အကာအကွယ် လိုအပ်တယ်။”
သူကတော့ မုဒိမ်းကျင့်ခွင့် အမိန့်အကြောင်း ဖခင်ဆီက ကြားသိရတယ်လို့ ပြောပါတယ်။ တရားရုံးချုပ်ကတော့ ဒီအမှုကို ဒီလ နှောင်းပိုင်းအထိ ဆုံးဖြတ်ဖို့ မရှိသေးပါဘူး။