ဘန်ကောက် ဗုံးခွဲမှု သံသယရှိသူ ဒီအန်အေစစ်ဆေးချက် ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်

မိုင်လိုင်လီ ယူစူဖူကို ဖမ်းဆီးခေါ်ဆောင်လာစဉ်က
ထိုင်းနိုင်ငံ ဘန်ကောက်ဖောက်ခွဲမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတဦးရဲ့ ဒီအန်အေ (မျိုးဗီဇ) စစ်ဆေးတွေ့ရှိချက်ကို ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက် မွန်းလွဲ ၁ နာရီခွဲက ထုတ်ပြန်ပြောကြားခဲ့တယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ ကမ္ဘောဒီးယားနယ်စပ်မှာ ဖမ်းဆီးရမိခဲ့တဲ့ တရုတ်နိုင်ငံသား မိုင်လိုင်လီ ယူစူဖူရဲ့ ဒီအန်အေကို စစ်ဆေးရာမှာ ဘန်ကောက်ဧရာဝဏ်နတ်ကွန်းအနီး ဖောက်ခွဲမှုနဲ့ ပတ်သက်တဲ့ ဒီအန်အေ တူညီခြင်းမရှိဘူးလို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်ကြီး ပရ၀စ် ထာဝွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။ သူတို့ဟာ စီစီကင်မရာထဲက အင်္ကျီအ၀ါရောင်ဝတ်လူက တက္ကစီကားမောင်းသမားကို ပေးထားခဲ့တဲ့ ဘတ် ၂၀ တန် ငွေစက္ကူပေါ်က ဒီအန်အေ၊ ဧရာဝဏ်ဘုရားအနီး ကျန်ရှိနေသေးတဲ့ ကျောပိုးအိတ်အညိုရောင် အပိုင်းအစဆီက ဒီအန်အေနဲ့ မိုင်လိုင်လီ ယူစူဖူရဲ့ ဒီအန်အေကို တိုက်ဆိုင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မိုင်လိုင်လီ ယူစူဖူရဲ့ ဒီအန်အေဟာ နောင်ကျောက်မြို့နယ် ဖူးလ်နန်တိုက်ခန်းထဲက ဖောက်ခွဲရေးပစ္စည်းထုတ်လုပ်တဲ့ ပစ္စည်းတွေမှာရော၊ မင်ဘူရီမြို့နယ် မိုင်မူနာ ဂါးဒင်းဟုမ်း တိုက်ခန်းက အသုံးပြုထားတဲ့ လက်သည်းညှပ်၊ သွားပွတ်တံက ဒီအန်အေတွေနဲ့ တိုက်ဆိုင်တူညီတဲ့အတွက် သူဟာ ဖောက်ခွဲရေးပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်နေသူတဦး ဖြစ်တယ်လို့ ဒုရဲချုပ်ကြီးက ပြောပါတယ်။ သူဟာ ဖောက်ခွဲမှုမှာ ပါဝင်ပတ်သက်သူဆိုရင် ဘာကြောင့် ဖောက်ခွဲမှုနဲ့ တရားမစွဲသလဲ ဆိုတဲ့ သတင်းထောက်တဦးရဲ့ အမေးကို ဒုရဲချုပ်ကြီးက မိုင်လိုင်လီဟာ ဧရာဝဏ်ဘုရားအနီး စီစီကင်မရာထဲပါတဲ့ အ၀ါရောင်အင်္ကျီဝတ်သူ မဟုတ်တဲ့အတွက် ဗုံးဖောက်ခွဲသူမဟုတ်ဘဲ ဖောက်ခွဲရေးပစ္စည်း ထုတ်လုပ်ရာမှာ ပါဝင်သူတဦးသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လောလောဆယ် သူ့ရဲ့ နိုင်ငံကူးလက်မှတ်အရ သူဟာ တရုတ်နိုင်ငံသား ဖြစ်တယ်ဆိုပေမယ့် နိုင်ငံကူးလက်မှတ်အတုအစစ်ကို ထပ်မံစစ်ဆေး စိစစ်ရဦးမယ်လို့ ဖြေကြားခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ စက်တင်ဘာ ၃ ရက်နေ့ကလည်း မင်ဘူရီမြို့နယ် ရာ့ဆဒွန်းဥထစ် ၃၄ လမ်းက တိုက်ခန်းတခန်းကိုလည်း ၀င်ရောက်စစ်ဆေးရှာဖွေခဲ့ကြောင်း၊ အဲဒီအခန်းမှာတော့ နေတဲ့လူမရှိဘဲ  (ခေတာမင်) ဆိုတဲ့ ဓာတုဆေးပစ္စည်းတမျိုးကိုသာ တွေ့ရှိပြီး အဲဒီပစ္စည်းဟာ ဖောက်ခွဲရာမှာ အသုံးပြုတာမဟုတ်ဘဲ မူးယစ်ဆေး၊ ဒါမှမဟုတ် မေ့ဆေးအဖြစ်သာ အသုံးပြုတဲ့ အရာလို့ ဆိုပါတယ်။ ဘေးအိမ်မျက်မြင်သက်သေတွေ ပြောပြချက်အရ  နန်းဝမ်းနား ဆွန်ဆန် (သူ့နာမည်နဲ့ တိုက်ခန်းငှားပြီး တရားစွဲခံထားရသူ ) ဟာ အဲဒီနေရာကို လာလေ့ရှိပေမယ့် ဒီတိုက်ခန်းကတော့ သူ့အမည်နဲ့ ငှားရမ်းထားတာ မဟုတ်ဘူးလို့  ထိုင်းရဲတပ်ဖွဲ့က ပြောသွားပါတယ်။ [caption id="attachment_110747" align="aligncenter" width="640"]640_eb9gekai9ajbk9ja9c9c6 ဒုရဲချုပ်ကြီး ပရ၀စ် ထာဝွန်း[/caption] လွန်ခဲ့တဲ့ ၂ ပတ်က ဘန်ကောက် ဧရာဝဏ်နတ်ကွန်း နဲ့ ဆာထွန်းလှေဆိပ်မှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၂၀ သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့က လူ ၈ ဦးကို ဖမ်းဝရမ်းထုတ်ထားပြီး သံသယရှိသူ ၃ ဦးကို ဖမ်းဆီးရမိထားပါတယ်။

More News
Up