စစ်သွေးကြွတိုက်ခိုက်မှုကြောင့် ဆိုမာလီ တွင် ယူဂန္ဓာစစ်သား ၁၀ ဦးသေဆုံး

ဓာတ်ပုံ - somaliwayn.org
ဆိုမာလီ နိုင်ငံအတွင်း ဒီသီတင်းပတ်ထဲမှာ အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းသူတွေရဲ့ အခြေစိုက်စခန်းကို စစ်သွေးကြွတွေ ဝင်ရောက် တိုက်ခိုက်ခဲ့လို့ ယူဂန္ဓာစစ်သား ၁၀ ဦး သေဆုံးတယ်လို့ ယူဂန္ဓာ စစ်တပ်ပြောခွင့်ရက စက်တင်ဘာ ၃ ရက်နေ့က ပြောပါတယ်။ မနက်အစောပိုင်းကတော့ စစ်တပ်အရာရှိ ဗိုလ်မှူးကြီး လီယို ကျန်ဒါက ၁၀ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရတယ်၊ ၃ ဦးက အသည်းအသန် အခြေအနေမှာ ရှိတယ်လို့ ပြောပါတယ်။ ခေါင်းတလားတွေကိုတော့ ယူဂန္ဓာနိုင်ငံ အလယ်ပိုင်းက အန့်တဲ့ဘီမြို့ဆီကို လေယာဉ်နဲ့ သယ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ တိုက်ခိုက်မှုအတွင်း လူအယောက် ၇၀ သေဆုံးတယ်လို့ အယ်လ် ရှာဘတ်သူပုန်တွေက ပြောပါတယ်။ စစ်တပ်ပြောခွင့်ရကတော့ တခြားနိုင်ငံတွေက ငြိမ်းချမ်းရေးထိန်းသိမ်းသူ ဘယ်နှစ်ယောက် သေတယ်ဆိုတာ အတည်မပြုနိုင်သေးပေမယ့် သူပုန်တွေ ပြောတာထက် သေဆုံးသူ အရေအတွက် လျော့နည်းမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးမစ်ရှင်ကတော့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်ကို မထုတ်ပြန်သေးပါဘူး။ အမေရိကန် လေကြောင်းတိုက်ခိုက်မှုကြောင့် အယ်လ်ရှာဘတ်ခေါင်းဆောင် အာမဒ် အဘ်ဒီ ဂိုဒါနီ သေဆုံးအပြီး ၁ နှစ်အကြာမှာ ခုလို ဖြစ်တာပါ။ ဆိုမာလီရဲ့ သံတမန်သတင်းရင်းမြစ်တွေကတော့ အယ်လ်ရှာဘတ်တွေရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ အင်မတန်ကြီးမယ်လို့ မျှော်လင့်ခဲ့ကြောင်း အစောပိုင်းက ပြောပါတယ်။ တခြားသတင်းရင်းမြစ်ကတော့ အစောပိုင်း စိုးရိမ်နေတာထက် ပိုနည်းတဲ့လူတွေပဲ တိုက်ခိုက်မှုအတွင်း သေနိုင်တယ်လို့ စက်တင်ဘာ ၃ ရက်နေ့က ပြောပါတယ်။ ခုထိတော့ သေဆုံးသူ အရေအတွက် ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ အယ်ရှာဘတ်သူပုန်တွေက တိုက်ခိုက်မှု အောင်မြင်တဲ့အနေနဲ့ ပိုချဲ့ကားပြောဆိုလေ့ရှိသလို အရာရှိတွေကလည်း ဆုံးရှုံးမှု အရေအတွက်ကို လျှော့ပြောလေ့ ရှိတာပါ။ ကျနော်တို့ အားနည်းအောင် လုပ်ခဲ့ပြီးပြီလို့ ပြောချိန်မှာ အယ်လ်ရှာဘတ်တွေက လူဆက်စုဆောင်းပြီး ပြန်ဖွဲ့စည်းနေတယ်လို့ ကျန်ဒါက ပြောပါတယ်။ မြို့တော် မိုဂါဒစ်ရှူးရဲ့ တောင်ဘက် ၅၆ မိုင်အကွာက ဂျနာလေ အခြေစိုက်စခန်း တိုက်ခိုက်မှုဟာ အာဖရိကသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေရဲ့ ယာဉ်တန်းနဲ့ စစ်စခန်း တိုက်ခံရမှု နောက်ဆုံးဖြစ်ရပ်ပါ။ အယ်လ်ရှာဘတ်သူပုန်တွေဟာ အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံ ပေးထားတဲ့ ဆိုမာလီ အစိုးရကို ဖယ်ရှားချင်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up