ဘူတာရုံတွင် ပိတ်ဆို့ခံနေရသည့် ရွှေ့ပြောင်းဒုက္ခသည် များကို ဟန်ဂေရီ ပြန်ဖွင့်ပေး

ဓာတ်ပုံ - Bernadett Szabo/Reuters
ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပတ်က အဓိကဘူတာရုံကြီးမှာ ပိတ်ဆို့ခံနေရတဲ့ အရှေ့အလယ်ပိုင်းက ရွှေ့ပြောင်းဒုက္ခသည် တွေကို စက်တင်ဘာ ၃ ရက်နေ့က ဟန်ဂေရီအာဏာပိုင်တွေက ဖွင့်ပေးလိုက်ပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေ ရထားပေါ် စုပြုံတိုးတက်ခဲ့ကြပေမယ့် ရထားတွေ ဥရောပအနောက်ပိုင်း နိုင်ငံတွေကို ထွက်ခွာမယ့် ခရီးစဉ်တွေကို အာဏာပိုင်တွေက ရပ်နားထားပါတယ်။ ဒီရွှေ့ပြောင်းဒုက္ခသည်တွေကို ဟန်ဂေရီနိုင်ငံကနေတဆင့် ဂျာမနီနိုင်ငံကို အဓိက သွားရောက်ဖို့ဖြစ်ပြီး တခြား ဥရောပနိုင်ငံတွေကို သွားရောက်မယ့် ဒုက္ခသည်တွေလည်း ပါဝင်ပါတယ်။ သူတို့တွေကို ဘူတာရုံမှာ ဟန်ဂေရီရဲတွေက စက်တင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့အထိ ၂ ရက်ကြာ ပိတ်ဆို့ထားခဲ့တဲ့အတွက် ထိပ်တိုက်တွေ့ပြီး ရုန်းရင်းဆန်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ကြတာပါ။ ဒီဒုက္ခသည်တွေ ဥရောပကို အစုလိုက် ပြောင်းရွှေ့အခြေချမှုကို ဟန်ဂေရီဝန်ကြီးချုပ် အပါအ၀င် အီးယူခေါင်းဆောင်တွေ ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မှာ ဆွေးနွေးနေချိန်မှာပဲ အခုလို ဘူတာရုံကို ဖွင့်ပေးလိုက်ရတာပါ။ ရထားတွေက မထွက်ခွာဘဲ ဘယ်လိုကြောင့် ဒီဘူတာရုံ ဖွင့်ပေးခဲ့လဲ ဆိုတာကတော့ မရှင်းသေးပါဘူး။ ဒုက္ခသည်တဦးက ရထားမှာ ဂျာမနီအလံ တပ်ဆင်ထားပေမယ့် ရထားက ဂျာမနီနိုင်ငံကို မသွားဘူးလို့ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတလတည်းမှာတင် ဥရောပကို ၀င်ရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၁ သိန်း ကျော်သွားခဲ့ပြီး စံချိန်တင် အများဆုံးဖြစ်ခဲ့တာပါ။ ဂျာမနီနိုင်ငံက အရင်နှစ်မှာ ဒုက္ခသည် လက်ခံခဲ့တဲ့ အရေအတွက်ထက် အခုနှစ်မှာ  ၄ ဆ တိုးပြီး လက်ခံဖို့ မျှော်လင့်ရတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ အခုနှစ်အတွင်း အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းက ရွှေ့ပြောင်းဒုက္ခသည်တွေ ဥရောပကို အလုံးအရင်းနဲ့ ၀င်ရောက်လာတဲ့ကိစ္စဟာ အီးယူ ပြည်ဝင်ခွင့်ဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေအကြား တင်းမာမှုတွေနဲ့ အငြင်းပွားမှုတွေလည်း ဖြစ်နေရတာပါ။

More News
Up