သံဃာတော်များနှင့်အတူ ဆွမ်းခံထွက်သည့် ဘဲကလေး (ရုပ်သံ)
DVB
·
September 4, 2015
ဘွန်းလုံ (ကံကြီး) လို့ အမည်ပေးထားတဲ့ ဆွမ်းခံထွက်တဲ့ ဘဲနက်ကလေးတကောင်အကြောင်း ခုရက်ပိုင်းအတွင်း ထိုင်းသတင်းတွေမှာ လူသိများရေပန်းစားနေပါတယ်။
အဲဒီဘဲနက်ကလေးဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဆူရင်းခရိုင် ဆီခွမ်ဖုမ်းမြို့နယ် ဘန့်နားထုန့်ကျောင်းတိုက်က မွေးစားထားတဲ့ ဘဲတကောင်ဖြစ်ပြီး လိမ္မာရေးခြားရှိကာ ထူးထူးခြားခြား ဘာသာတရားကို ကိုင်းရှိုင်းရမှန်းသိ၊ ကျေးဇူးရှင်ကို ကာကွယ်ပေးရမှန်းသိလို့ တရွာလုံးရဲ့ အချစ်တော်ဖြစ်နေပါတယ်။
အဲဒီကျောင်းထိုင်ဆရာတော်ဟာ အခြား ခွေး၊ ၀က်၊ ကြက်စတဲ့ တရိစ္ဆာန်တွေလည်း မွေးမြူထားပေမယ့် ဒီဘဲတကောင်ကဘဲ သံဃာတွေ ဆွမ်းခံကြွရင် မနက်တိုင်း ၀တ္တရားမပျက် လိုက်ပါသွားလေ့ရှိပါတယ်။
ဆွမ်းခံထွက်ရင် သူဟာ ရှေ့ဆုံးကနေ သွားပြီး ဆွမ်းလောင်းတတ်တဲ့ အိမ်ရှေ့ရောက်ရင် ရပ်လိုက်ကာ တကတ်ကတ်အော်ပြီး အသံပေးပါတယ်။ ဆွမ်းခံသွားရင်းလမ်းမှာ လိုက်ဟောင်တဲ့ ခွေးတွေရှိရင် သူက နုတ်သီးနဲ့ လိုက်ထိုးပေမယ့် ဆွမ်းလောင်းသူတွေကိုတော့ ဘာမှ အန္တရာယ်မပြုပါဘူး။
သူ့ကိုမွေးစားတဲ့ ဘုန်းကြီးနောက် တကောက်ကောက်လိုက်ကာ ဆရာတော်က ကျိန်းနေရင် အပြင်ကနေ စောင့်နေတတ်ပါတယ်။ တံခါးနား လာတဲ့ ကြောင်တွေ ခွေးတွေကို အကုန်လိုက်မောင်းသလို ဆရာတော်ရဲ့ ဖိနပ်ကိုတောင် အကိုင်မခံပါဘူး။ လူတွေက စမ်းကြည့်ချင်တော့ ဆရာတော်ဖိနပ်ကို သွားကိုင်တာ နုတ်သီး အထိုးခံရပါတယ်။
သူဟာ တဘက်က အဲဒီလို ကြမ်းပေမယ့် ဆရာတော်၊ သံဃာတော်တွေ ဘုရားရှိခိုးချိန်၊ တရားထိုင်နေချိန်မှာတော့ ငြိမ်ငြိမ်လေး ၀ပ်နေတတ်ပါတယ်။အဲဒီဘဲကလေးဟာ ငယ်ငယ်တုန်းက ဘဲလည်ရောင်းတဲ့ဈေးသည်တဦးရဲ့ တောင်းထဲကနေ ပြုတ်ကျခဲ့လို ဆရာတော်က ကောက်ယူမွေးစားထားတာလို့ ဆိုပါတယ်။
သူဟာ ကျောင်းတိုက်က ကြောင်တွေလိုဘဲ ပလာတူးငါးထမင်းနယ်ကို ကြိုက်ပြီး အဲဒီကြောင်တွေနဲ့အတူ တပန်းကန်တည်းအတူ စားလေ့ရှိပါတယ်။ ဘဲလိမ္မာလေးကို GMM TV သတင်းဌာနက ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။