ဖမ်းဝရမ်းထုတ်ခံရသည့် ဂွါတီမာလာ သမ္မတ ရာထူးမှ နုတ်ထွက်

ဂွါတီမာလာ သမ္မတ အော့တိုပီရတ်စ်ဟာ စက်တင်ဘာ ၃ ရက်နေ့က ဖမ်းဝရမ်းထုတ်ခံရပြီးနောက် နာရီပိုင်းအကြာမှာပဲ သမ္မတရာထူးက နုတ်ထွက်သွားပါတယ်။
အစိုးရရှေ့နေတွေက အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး အဂတိ လိုက်စားမှုတွေမှာ သမ္မတဟာ အဓိကပါဝင်တယ်လို့ စွပ်စွဲထားကြပြီး သမ္မတကတော့ ငြင်းဆန်ထားပါတယ်။
စက်တင်ဘာ ၁ ရက်နေ့က သမ္မတကို ရုံးတင်တရားစွဲဆိုခွင့်ကို ဂွါတီမာလာလွှတ်တော်က ခွင့်ပြုခဲ့ပြီး အမေရိကတိုက် အလယ်ပိုင်းဒေသ နိုင်ငံတွေထဲမှာ အခုလို လွှတ်တော်က ဆုံးဖြတ်ခွင့်ပြုမှုမှာ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့တာပါ။
သမ္မတရဲ့ ပြောခွင့်ရကတော့ သမ္မတအပေါ် စွပ်စွဲမှုတွေကို ရင်ဆိုင်ဖို့၊ ရာထူးက ဆင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောဆိုပါတယ်။
လာမယ့် စက်တင်ဘာ ၆ ရက် ဂွါတီမာလာ သမ္မတရွေးကောက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ အခုလို သမ္မတက နုတ်ထွက်ခဲ့တာပါ။
လာမယ့် ဇန်န၀ါရီ ၁၄ ရက် သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင်အထိ လက်ရှိ ဒုတိယသမ္မတက ယာယီ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
အရင် ဒုတိယသမ္မတဟာလည်း ဒီအဂတိလိုက်စားမှုမှာ အဓိကပါဝင်တယ်ဆိုပြီး ရာထူးက နုတ်ထွက်ရပြီး ဖမ်းဆီးခံထားရပါတယ်။
အခုလို သမ္မတနဲ့ ဒု-သမ္မတ မနုတ်ထွက်ခင် ဂွါတီမာလာပြည်သူတွေက သမ္မတကို နုတ်ထွက်ပေးဖို့ ရက်သတ္တပတ်တွေနဲ့ ချီပြီး တောင်းဆိုခဲ့ကြတာပါ။
သမ္မတကတော့ စက်တင်ဘာ ၂ ရက်နေ့ ညအထိ ရာထူးက နုတ်ထွက်ပေးဖို့ ငြင်းဆိုနေတာပါ။
လောလောဆယ်မှာတော့ သမ္မတက ရှောင်တိမ်းနေတယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ သမ္မတကို နိုင်ငံက ထွက်ခွာခွင့် ဂွါတီမာလာတရားရုံးက တားမြစ်ခဲ့ပါတယ်။