မြန်မာအသင်း ကူဝိတ်ကို ၉ ဂိုးပြတ် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

၂၀၁၈ ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲအဖြစ် မြန်မ့ာလက်ရွေးစင် အသင်းနဲ့ ကူဝိတ်အသင်းတို့ ကစားခဲ့ရာမှာ မြန်မာအသင်းဟာ ၉ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲက ကာတာနိုင်ငံ ဒိုဟာမြို့မှာ ယှဉ်ပြိုင်ကစားခဲ့ကြတာပါ။ ကူဝိတ်အသင်းဟာ ကြံ့ခိုင်မှုရော ကစားကွက်ရော မြန်မာအသင်းထက် တောင့်တင်းကောင်းမွန်တဲ့ အသင်းဖြစ်ပါတယ်။ ပွဲစလို့ ၁၀ မိနစ်မှာ မြန်မာအသင်း အဖွင့်ဂိုးပေးခဲ့ရပြီး ပထမပိုင်းမှာ ၃ ဂိုးပြတ်နဲ့ ရှုံးနေခဲ့ပါတယ်။ ဒုတိယပိုင်း စစချင်း ကူဝိတ်က ၄ ဂိုးမြောက် ထပ်သွင်းခဲ့သလို ၅၆ မိနစ်မှာ ဇော်မင်းထွန်း ဘောလုံးဖျက်ထုတ်ရာကနေ ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ကူဝိတ်အသင်း ၅ ဂိုးမြောက် ရသွင်းခဲ့ပါတယ်။ ၆၁ မိနစ်မှာ ကူဝိတ်က ၆ ဂိုးမြောက်ဂိုးထပ်သွင်းခဲ့ပြီး ၆၈ မိနစ်မှာ အောင်ဇော် တိုက်ရိုက်အနီကတ် ပြခံခဲ့ရပြီး ပင်နယ်တီတလုံး ထပ်ပေးခဲ့ရပါတယ်။ ၈၈ မိနစ်နဲ့ ၉၃ မိနစ်တွေမှာ ကူဝိတ်က ဂိုးထပ်သွင်းခဲ့ပြီး မြန်မာအသင်းဟာ ၉  ဂိုး ဂိုးမရှိနဲ့  ကူဝိတ်ကို ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ပါတယ်။ မြန်မာအသင်းဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲမှာ လာအိုနဲ့ ၂ ဂိုးစီ သရေ၊ ကိုရီးယားကို ၂ ဂိုးဂိုးမရှိနဲ့ ရှုံးထားခဲ့တာမို့  ၃ ပွဲကစား ၁ မှတ်သာ ရထားပါတယ်။ အခုအကြိမ်ဟာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ အာရှဖလား ခြေစစ်ပွဲကို ပေါင်းပြီး ကျင်းပတာဖြစ်ပါတယ်။ အုပ်စုဗိုလ် ၈ သင်းနဲ့ အုပ်စုအကောင်းဆုံး ဒုတိယ ၄ သင်းဟာ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲအောင်မှာ ဖြစ်သလို ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တတိယအဆင့်ကိုလည်း တက်မှာ ဖြစ်ပါတယ်။ အုပ်စု အကောင်းဆုံး ဒုတိယ ၄ သင်း၊ အုပ်စု တတိယ နေရာရ အသင်း ၈ သင်းနဲ့ အုပ်စု အကောင်းဆုံး စတုတ္ထနေရာရ ၄ သင်းဟာ ၂၀၁၉ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်ကို တက်မှာ ဖြစ်ပါတယ်။ ကျန် စတုတ္ထနေရာရ ၄ သင်းနဲ့ အုပ်စု နောက်ဆုံး ၈ သင်းတို့ကတော့ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်တက်ဖို့  ရှုံးထွက်ပွဲ ကစားရမှာ ဖြစ်ပါတယ်။

More News
Up