ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်း – ငြိမ်းချမ်းရေး
နေသွင်
·
June 19, 2011
ရန်ကုန် ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီနေ့ နေ့လည်ပိုင်းက ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနားမှာ မွေးနေ့ရှင်က ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ တိုက်တွန်း ပြောဆိုသွားပါတယ်။
[caption id="attachment_11063" align="alignleft" width="310" caption="photo_AFP"][/caption]
"တခြားမွေးနေ့ လက်ဆောင်တွေက အရေးမကြီးပါဘူး၊ တကယ်အရေးကြီးတဲ့ လက်ဆောင်က ကျမတို့ နိုင်ငံမှာ ငြိမ်းချမ်းရေးရစေမယ့် စိတ်ထားတွေ တဦးချင်းတဦးချင်း ပွားကြပါ" လို့ ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့အမှာစကားမှာ ထည့်ပြောသွားပါတယ်။
ဒါပေမယ့် ငြိမ်းချမ်းရေးရဖို့ တဦးတယောက်၊ တပါတီတည်းက လုပ်လို့မရတဲ့အတွက် ဝိုင်းဝန်းကူညီကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။
"မွေးနေ့ဆုတောင်း ဘာလိုချင်လဲဆိုရင် ကျမတို့ နိုင်ငံမှာ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေးနဲ့ သာသာယာယာနဲ့ ဝဝပြောပြောနဲ့ နေနိုင်ဖို့ပါ။ အဲဒီတော့ နိုင်ငံတနိုင်ငံဟာ တိုးတက်ဖို့ သာယာဖို့ဆိုတာ ပထမဆုံး ငြိမ်းချမ်းဖို့ လိုပါတယ်။ ကျမရဲ့ မွေးနေ့ဆုတောင်းကတော့ ကျမတို့ အားလုံး ငြိမ်းချမ်းကြပါစေလို့ ဆုတောင်းပါတယ်။ ဒီလိုငြိမ်းချမ်းဖို့ဆိုတာဟာ ကျမတယောက်တည်း လုပ်လို့လည်း မဖြစ်ပါဘူး။ ကျမတို့အဖွဲ့ တဖွဲ့တည်းလည်း လုပ်လို့ မဖြစ်ပါဘူး။ အားလုံးက ဝိုင်းဝန်းပြီးတော့ လုပ်ပေးမှ ဖြစ်မှာပါ။ အဲဒါကြောင့်မို့လို့ ကျမတို့ နိုင်ငံမှာ ပထမဦးဆုံး အနေနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် အားလုံးက ဝိုင်းဝန်းပြီး ကူညီကြပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။"
နေ့လည် ၁ နာရီကနေ ၃ နာရီအထိ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ အခမ်းအနားကို တိုင်းနဲ့ပြည်နယ်က အဖွဲ့ချုပ်ဝင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ သံတမန်အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ စုစုပေါင်း ပရိသတ် ၂၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ တေးဂီတပြိုင်ပွဲရဲ့ ဆုပေးပွဲအစီအစဉ်နဲ့ ကလေးငယ်တွေ အတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်တဲ့ အစီအစဉ်တို့ ပါဝင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်ပြည့် မွေးနေ့အခမ်းအနားကို မြန်မာပြည်က ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေမှာသာမက တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေ အပါအဝင် တိုင်းရင်းသားဒေသတွေ၊ မွန်ပြည်နယ် မော်လမြိုင်၊ သံဖြူဇရပ်၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ ကယားပြည်နယ် လွိုင်ကော်၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ပလောင်ဒေသ၊ စတဲ့ နေရာ အသီးသီးမှာ ကျင်းပသွားကြပါတယ်။
အလားတူ ပြည်ပနိုင်ငံတွေမှာပါလည်း မွေးနေ့အခမ်းအနားတွေကို ဂျပန်၊ ကိုရီးယား၊ အင်္ဂလန်၊ ဩစတြေးလျ၊ ထိုင်း၊ ထိုင်ဝမ်နဲ့ အမေရိကန်နိုင်ငံတွေမှာလည်း ကျင်းပကြပါတယ်။