ပိတ်ဆို့ခံထားရသည့် ရွှေ့ပြောင်းဒုက္ခသည် များ ဘူဒါပတ်တွင် ဆက်လက်ဆန္ဒပြ

ဘူဒါပတ်ရှိ ဘူတာရုံတရုံတွင် ဆန္ဒပြနေသည့် ရွှေ့ပြောင်းဒုက္ခသည်များ။ (ဓာတ်ပုံ - ရိုက်တာ)
ဟန်ဂေရီနိုင်ငံမှာ ရောက်ရှိနေပြီး ဂျာမနီနိုင်ငံနဲ့ တခြားဥရောပနိုင်ငံတွေကို ဆက်လက်ထွက်ခွာခွင့် မရဘဲ ပိတ်ဆို့ခံထားရတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေဟာ စက်တင်ဘာ ၂ ရက်နေ့က ဒုတိယနေ့အဖြစ် မြို့တော် ဘူဒါပတ်မှာ ဆက်လက်ဆန္ဒပြနေကြပါတယ်။ ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ဟန်ဂေရီနိုင်ငံကနေ တခြားဥရောပနိုင်ငံတွေကို ခရီးဆက်ဖို့ ရထားလက်မှတ် ၀ယ်ထားပြီးကာမှ ဟန်ဂေရီလုံခြုံရေးတွေရဲ့ ပိတ်ဆို့ခံထားရတာပါ။ မြို့တော် ဘူဒါပတ်က ဘူတာရုံတရုံမှာ စခန်းချဆန္ဒပြနေတဲ့ ရွှေ့ပြောင်းဒုက္ခသည် ၂၀၀၀ ကျော်ဟာ ရထားပေါ် တက်ခွင့်မရကြပါဘူး။ တချိန်တည်းမှာပဲ မြေထဲပင်လယ်ဖြတ် ရွှေ့ပြောင်းဒုက္ခသည် ၄၀၀၀ ကျော်ဟာ ဂရိကမ်းခြေတွေကို စက်တင်ဘာ ၂ ရက်နေ့က ထပ်မံရောက်ရှိလာကြပါတယ်။ ဒီရွှေ့ပြောင်းဒုက္ခသည်အရေးကို အီးယူအဖွဲ့ဝင်နိုင်ငံတွေအားလုံး တပြေးညီ မူဝါဒနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းမယ်ဆိုတာ အကြိတ်အနယ် ဆွေးနွေးနေကြပါတယ်။ အီးယူ အာဏာပိုင်အစိုးရ ဥရောပကော်မရှင်ကတော့ ဒုက္ခသည်တွေရဲ့ နေရပ်ရင်းနိုင်ငံတွေ ဘေးကင်းလုံခြုံမှုရှိ၊ မရှိ၊ စာရင်းပြုစုနေပြီး ဘေးကင်းလုံခြုံမှုရှိပြီး ဒုက္ခသည်အရည်အချင်းနဲ့ မပြည့်မီသူတွေကို ပြန်ပို့နိုင်ရေးလည်း ဆွေးနွေးနေတယ်လို့ အီးယူအာဏာပိုင်တွေက ပြောဆိုပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကက ရွှေ့ပြောင်းဒုက္ခသည်တွေ အရင်ဆုံးခြေချတဲ့ အီတလီနဲ့ ဂရိနိုင်ငံတို့ကတော့ သူတို့နိုင်ငံကို ရောက်ရှိလာတဲ့ ဒုက္ခသည်အရေအတွက် များလွန်းလို့ မနိုင်တော့ဘူးလို့ ပြောဆိုနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up