မျိုးတုံးလုနီး အစိမ်းရောင်ပင်လယ်လိပ် အသိုက်ဆောက်ရန် ပြန်လာ (ရုပ်သံ)

အစိမ်းရောင်ပင်လယ်လိပ်တွေဟာ မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်နေတယ်လို့ ကြေညာအပြီး ၃၇ နှစ်အကြာမှာ အသိုက်ဆောက်ဖို့ ဖလော်ရီဒါပြည်နယ်ကို ပြန်လာခဲ့ကြတယ်လို့ ပညာရှင်တွေက စက်တင်ဘာ ၁ ရက်နေ့က ပြောပါတယ်။ လိပ်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းထားတဲ့ အော်လန်ဒိုမြို့ အလယ် ဖလော်ရီဒါတက္ကသိုလ်ရဲ့ အဆိုအရ မေလမှာစတဲ့ လိပ်တွေ အသိုက်ဆောက် ရာသီကနေ ခုထိ အသိုက်ပေါင်း ၁၂၀၀၀ ရှိခဲ့တာကြောင့် ပထမဆုံးအနေနဲ့ စံချိန်ကျိုးခဲ့တယ်လို့ ဆိုပါတယ်။ လိပ်တွေဟာ ညတိုင်း အသိုက်ပေါင်း ၆၀ ကနေ ၈၀ ထိ ဆောက်နေကြလို့ ရာသီကုန်ချိန် အောက်တိုဘာလမှာ အသိုက်အရေအတွက်ပေါင်း ၁၃၀၀၀ ကျော်နိုင်တယ်လို့ ပညာရှင်တွေက ဟောကိန်းထုတ်ထားပါတယ်။ ဖလော်ရီဒါပြည်နယ် အရှေ့ဘက်ကမ်းရိုးတန်းက ၁၃ မိုင်ရှည်တဲ့ ကမ်းခြေဟာ မြောက်အမေရိကမှာ အစိမ်းရောင် ပင်လယ်လိပ်တွေအတွက် အသိသာ အထင်ရှားဆုံးနေရာပါ။ မြောက်အမေရိကတိုက် တတိုက်လုံးက လိပ်သိုက် စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ အာချေးကား အမျိုးသား သားရိုင်းတိရစ္ဆာန် ကွန်းခိုရာအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာက ဆိုပါတယ်။ အစိမ်းရောင်ပင်လယ်လိပ်တွေဟာ ၅ ပေထိ ရှည်ပြီး အလေးချိန် ပေါင် ၇၀၀ လောက်ထိ ကြီးလို့ မော်တော်ဆိုင်ကယ်တစီးစာ အရွယ်ပမာဏ ရှိတာပါ။ သက်တမ်းက ပျမ်းမျှ နှစ် ၈၀ လောက် ရှိပြီး အသက် ၂၀ အရွယ်မှာ မျိုးပွားဖို့ သူတို့မွေးရာ ကမ်းခြေဆီ ပြန်လာလေ့ ရှိပါတယ်။ အဏ္ဏဝါဇီဝပညာရှင်တွေက အစိမ်းရောင် ပင်လယ်လိပ် အရေအတွက် ပြန်တက်လာတာဟာ မျိုးတုံးမှာ စိုးရိမ်ရတဲ့ မျိုးစိတ်တွေကို ၃၇ နှစ်ကြာ ကာကွယ်မှု၊ စီးပွားဖြစ် ငါးဖမ်းမှုအတွင်း မတော်တဆ ဖမ်းမိမှု ရှောင်ရှားရေး တိုးတက်မှုတွေနဲ့ အာချေးကား ကြိုးဝိုင်းဒေသအတွင်း စားကျက်မြေ ထိန်းသိမ်း စောင့်ရှောက်မှုတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up