Live
Home
ဆောင်းပါး
ကျားကို ရိုက်သတ်မလား၊ ကျားစာအဖြစ် ခံမလား
DVB
·
September 3, 2015
နိုဝင်ဘာလ ၈ ရက်ဆိုသည်မှာ ၂ လ ကျော်ကျော်သာ လိုပေတော့သည်။ ၃ လပင် မပြည့် ၂ လခွဲသာသာ ရှိသည်။ ထိုနေ့တွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးကို ဒုတိယအကြိမ် ကျင်းပကြပေလိမ့်မည်။ ယခုအထိ ပါတီစုံဆိုသည့်အတိုင်း ပါတီပေါင်း အတော်များများ ဝင်ပြိုင်၏။ တိုင်းရင်းသားပါတီ အတော်များများပါ၏။ အထူးသဖြင့် ရှမ်းလို၊ ရခိုင်လို တိုင်းရင်းသားများသည် အားကောင်းမောင်းသန် နိုင်ငံရေးပါတီကြီးများကို ဖွဲ့စည်းထားနိုင်ပြီး သူတို့ပြည်နယ်များတွင် သူတို့ ပါတီများကသာ သူတို့ တိုင်းရင်းသားများကို စည်းရုံး၍ အများစု အနိုင်ရချေ ရှိပါသည်။ သို့သော် ထိုတိုင်းရင်းသားပါတီများအဖို့ သူတို့ပြည်နယ်များက ထောက်ခံမှသာ ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်အများစု ရရှိပြီး လွှတ်တော်ကို လွှမ်းမိုးနိုင်ခွင့်ရှိသော်လည်း ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်ထောင်စုအစိုးရက ရွေးချယ်ခန့်အပ်ပြီး ပြည်ထောင်စုအစိုးရ ပြည်မလွှမ်းမိုးမှုကိုသာ ခံနေရမည်ဆိုလျှင် ပါတီစုံ ရွေးကောက်ပွဲဆိုသည်မှာ အမည်ခံသာ ဖြစ်ပြီး ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီသော လွှတ်တော်တရပ်၊ အစိုးရတဖွဲ့ ဖြစ်မလာနိုင်ပေ။ တချိန်တည်းတွင် ပြည်နယ်လွှတ်တော်များ၌လည်း စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို နေရာပေးထားသောကြောင့် ထို ၂၅ ရာခိုင်နှုန်း၏ မျက်နှာကို ကြည့်နေရပြီး သူတို့သဘောတူချက် မရပဲ ဘာကိုမှ လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိမည် မထင်ပေ။ ဆိုလိုသည်မှာ ဖက်ဒရယ် ပြည်ထောင်စုတို့၊ ပြည်နယ်လူထု၏ အခွင့်အရေးတို့ဆိုသည်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်မှ၊ ဖျက်နိုင်မှသာလျှင် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်နိုင်ပေမည်။ ထိုပြည်ထောင်စုစစ်စစ်မူကို ဖဆပလ ခေတ်ကတည်းက တိုင်းရင်းသားတို့ တောင်းဆိုခဲ့ကြလေသည်။ ထိုသို့ ဖြစ်ပေါ်နေရသည်မှာ ပါလီမန်ဒီမိုကရေစီစနစ် ဆုံးရှုံးနေရသော နှစ်ပေါင်း ၆ဝ ကျော်ကြာ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်သည်။ ပြည်သူလူထုကို အပေါ်စီးမှနေ သေနတ်ပြကာ အုပ်ချုပ်မှု မရပ်မချင်း တိုင်းပြည်မှာ ဖွတ်ကျော ပြာစု၊ ခရုဆံကျွတ် ဖြစ်နေပေဦးမည်။ ယနေ့ မြန်မာပြည်သူများရော၊ တိုင်းရင်းသားပေါင်းစုံပြည်သူများရော၊ ကမ္ဘာပေါ်တွင် ခေတ် အနောက်ကျဆုံး တိုင်းပြည်နဲ့ လူမျိုးများအဖြစ် နေထိုင်ခဲ့ရသည်မှာ စစ်အာဏာရှင်စနစ်ကြောင့် ဆိုသည်ကို ယနေ့ ပါဝင်ပတ်သတ်နေသော တပ်မတော်တခုလုံး နားလည်သဘောပေါက်ဖို့ လို၏။ သူတို့သဘောမပေါက်လျှင် တိုင်းပြည်မှာ ပြာပုံထဲ လူးလိမ့်နေရပေဦးမည်။ ထိုသို့ လူးလိမ့်နေရင်း ၈၈ တုန်းကလို ပေါက်ကွဲလာပါက ယနေ့ ပရမ်းပတာ ဖြစ်နေသော အာဖရိကနိုင်ငံများလိုပင် ချောက်ထဲ စုံးစုံးမြုပ်သွားပေမည်။ ထိုသို့ ဖြစ်ပေါ်ပါက ပြည်သူတွင် တာဝန်မရှိပဲ ဒီမိုကရေစီကို လျစ်လျူရှုနေသော အုပ်ချုပ်သူများအပေါ်တွင် တာဝန် ရှိလေသည်။ ထို့ကြောင့် ပါတီစုံစနစ်ကျင့်သုံးမည့် ဒုတိယအကြိမ်ရွေးကောက်ပွဲတွင် ဘယ်သူ့ကို မဲထည့် ကြမလဲ။ ဘယ်နိုင်ငံရေးသမားကို တာဝန်ပေးကြမလဲဟု လေးလေးနက်နက် စဉ်းစားရမည့်အချိန်ရောက် လာပေပြီ။ ဆရာဒဂုန်တာရာ ရှိစဉ်က ဆရာဒဂုန်တာရာ၏ ရန်သူမရှိ မိတ်ဆွေသာ ရှိ၊ မုန်းသူ မရှိ ချစ်သူသာ ရှိ ဆိုသော သူ၏ ရန်သူမရှိရေး၊ မေတ္တာတရားထားရေး အယူဝါဒကို ဆွေးနွေးဖြစ်ကြပါသည်။ ကွယ်လွန်သွားပြီဖြစ်သော သန်လျင်ရှိ ကျနော်တို့ ရဲဘော်ကြီး ကိုအောင်ကျင်၏ နေအိမ်တွင် နှစ်စဉ် ဆရာတာရာနှုတ်ဆက်ပွဲအဖြစ် စာရေးဆရာများ စုစည်းကာ တွေ့ဆုံဖြစ်ပါသည်။ ဆယ်စုနှစ် ၂ ခုနီးပါး ကြာမြင့်ပြီ ဖြစ်ပါသည်။ ဆရာက သူ့သဘာထားနဲ့ ပတ်သက်၍ ဝေဖန်ဆွေးနွေးခိုင်းလေ့ရှိ၏။ တချို့က လုံးဝလက်ခံသလို တချို့က လုံးဝ လက်မခံကြပေ။ တချို့က တချို့တဝက် လက်ခံသလို တချို့က တစိတ်တပိုင်းသာ လက်ခံကြလေသည်။ တခါက ကျနော်တို့ ဆွေးနွေးရာတွင် အလုံပိတ်အခန်းထဲ ပြေးစရာ မရှိ၊ တံခါးတချပ်သာ ရှိသည်။ ထိုအခန်းထဲတွင် အစာမကျွေးရသေးသောမြွေဟောက်တကောင်နဲ့ မိမိကို အတူ ယှဉ်တွဲကာ ထည့်ထားသည် ဆိုပါစို့။ မြွေဟောက်ဆိုသည်မှာ မြွေပွေးလို ထိမှ ပေါက်တတ်သည့် သတ္တဝါမဟုတ်ပဲ မိမိရှေ့ ရှိ တွေ့သမျှကို လိုက်လံပေါက်တတ်သည့် သတ္တဝါ ဖြစ်လေသည်။ အခန်းထဲ လူနဲ့ မြွေဟောက်ပဲရှိရာ မြွေဟောက်က လူကို လိုက်လံ ပေါက်ပေမည်။ လူမှာ ပြေးစရာ ထိုအခန်းထဲတွင်သာ ရှိ၏။ မြွေမှာ မိမိရန်သူ ဖြစ်သွားပြီး တကောင်သေမှ တကောင် အသက်ချမ်းသာရာ ရပေမည်။ လူကလည်း မိမိရှင်သန်ဖို့ မြွေကို သတ်မှ ဖြစ်မည်။ မြွေကို မေတ္တာပို့၊ တရားချ၍ မရနိုင်ပေ။ ရွေးစရာ ၂ လမ်းသာ ရှိ၏။ မြွေကို ရိုက်သတ်မလား၊ မြွေကိုက်ခံ၍ သေမလား။ မြွေကို ရိုက်သတ်လျှင် မြွေမှာ ရန်သူဖြစ်သွားပေမည်။ ထိုအခါ ရန်သူမရှိဆိုသော သီအိုရီမှာ မှားသွားမည်။ မြွေကို မေတ္တာထား၍ မြွေကိုက်ခံရလျှင် သေသွားမည်။ ထိုအခါ မိတ်ဆွေသာရှိဆိုသော သီအိုရီမှာ အနိုင်ရသွားပေမည်။ သို့သော် အသက်ရှင်သန်ချင်လျှင် မြွေကို ရိုက်သတ်မှ ရပေလိမ့်မည်။ ထို့ကြောင့် မြွေကို သတ်ခြင်းနဲ့ မိမိ မြွေပေါက်ခံခြင်းဆိုသော လမ်း ၂ သွယ်တွင် မိမိရှင်သန်လိုပါက အလုံပိတ်အခန်းထဲတွင် မြွေကို ရိုက်သတ်ရပေမည်။ မိမိအသက်ကို ပဓာန မထားဟုဆိုလျှင်လည်း မြွေ ပေါက်ခံရပေမည်။ အခြေအနေမှာ Do or Die လုပ်မလား၊ အသေခံမလားဆိုသည်သာ ရှိလေသည်။ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်။ လမ်း ၂ သွယ်ရှိ၏။ တသွယ်မှာ စစ်အာဏာရှင်စနစ် လွှမ်းမိုးမှု ဆက်တည်ရှိကာ စစ်အာဏာရှင်စနစ် အရိပ်သြဇာလွှမ်းမိုးမှုကို ခံမလား။ နောက်တခုမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နိုင်၊ ကန့်ကွက်နိုင်သော တိုက်ပွဲဝင်ခြင်းကို ပြုလုပ်မလား ဆိုသည်ပင် ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဒီမိုကရေစီကို အမှန်တကယ် လျှောက်လှမ်းမည့် နိုင်ငံရေးပါတီများကို မဲထည့်ပေးမလား။ ဒီမိုကရေစီကို ပါးစပ်မှသာ အော်ကာ ၅ နှစ်လုံးလုံး ဘာမှ လုပ်မပေးခဲ့သော စစ်အာဏာရှင်တို့၏ နောက်လိုက်နောက်ပါ ငယ်ပေါင်းကြီးဖော်များကိုပင် မဲထည့်ကြမလားဆိုသည့် ရွေးချယ်စရာ ၂ ခု ရှိပါသည်။ မိမိတို့သည် အသက်များ၊ ဘဝများနဲ့ အိုးအိမ်စည်းစိမ်များကိုလည်း ပေးခဲ့ကြရပြီးပြီ။ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးများကိုလည်း ပေးခဲ့ကြရပြီးပြီ။ သူတို့၏ ဇာတိမှာ ရာစုနှစ်တ၀က် ဖော်ပြပြီး ဖြစ်သောကြောင့် သူတို့ကို မျှော်လင့်စရာ မလိုပေ။ မျှော်လင့်သူသာ ရူးသွပ်သူဖြစ်၏။ မြွေဟောက်သည် မိမိကို သူတော်ကောင်းဟုဆိုကာ မပေါက်ပဲနေမည် မဟုတ်။ ကျားသည် သက်သက်လွတ်စားကာ နေမည်မဟုတ်။ လူနဲ့ ကျားတွေ့လျှင် ကျားကို ရိုက်သတ်မလား၊ ကျားစာအဖြစ်ခံမလား ရွေးရပေမည်။ ကျားမှာ သက်သက်လွတ် မစားဆိုသည်ကို သိရပေမည်။ ထို့ကြောင့်  အဖွဲ့ ၂ ခု၊ ပါတီ ၂ ခုတွင် ဒီမိုကရေစီဘက်တော်သားများမှာ အိုနာကျိုးကန်းများ ဖြစ်ချင် ဖြစ်ပေမည်။ ဇာတ်တူသားစားချင်လည်း စားနေပေမည်။ ဒုက္ခရောက်သူချင်း၊ အဖိနှိပ်ခံရသူချင်း လက်တွဲ စည်းရုံးမှု မရှိသူများလည်း ဖြစ်ချင်ဖြစ်ပေမည်။ သေဖော်ရှင်ဖက်များကို အနိုင်ကျင့်ချင်လည်း ကျင့်ပေလိမ့်မည်။ သို့သော် ဒီမိုကရေစီဘက်သားများကား မိမိကို မြွေဟောက် လိုပေါက်သတ်မည် မထင်။ တောအုပ်ထဲတွေ့သော ကျားကို ကိုက်သတ်မည်လည်း မထင်ပေ။ မြွေဟောက်နဲ့ ကျားမှာ ရာစုနှစ်တစ်ဝက်ကျော် ပြသခဲ့ပြီဖြစ်သည်။ မိမိတို့ အိတ်ထဲမှ ငွေများကိုလည်း နှိုက်ယူခဲ့ပြီးပြီ။ မိမိတို့ အဆီအသားတို့ကိုလည်း ဝါးမြိုပြီးပြီ။ သူတို့၏ ရက်စက်ယုတ်မာမှုများမှာ ကျောက်တုံးကြီးများကပင် သက်မချရလောက်အောင် နာကျည်းစရာများ ဖြစ်ပေသည်။ သူတို့နဲ့ အပြိုင် ဒီမိုကရေစီလမ်းကြောင်းပေါ် သွားမည်ဆိုသူများမှာ ပြည်သူကို သွေးချောင်းစီးအောင် တခါမှ မလုပ်ဖူးခဲ့ကြပေ။ သူတို့လက်တွင် သွေးမစွန်းခဲ့ကြ။ တဖက်က ဒီမိုကရေစီဟု ပါးစပ်မှ ကြွေးကြော်နေသူများ၏ လက်မှာ သွေးစွန်းကာနေလေသည်။ ထိုအခါ ဘယ်သူနဲ့ ပူးပေါင်းကြမလဲ။ ဘယ်သူ့ကို ရွေးကြမလဲဆိုသည်မှာ စဉ်းစားကြရမည်။ ဘယ်သူ့ကိုမှ မရွေးတော့။ ဒီမိုကရေစီဘက်တော်သားဆိုသုများမှာ အရည်အချင်းမရှိကြ။ ပြည်သူကိုလည်း ဦးဆောင်နိုင်မည်ဟု မထင်။ ကုန်ဈေးနှုန်း မတက်အောင်၊ မိမိတို့ ဝဝလင်လင်စားနိုင်အောင် လုပ်ပေးနိုင်မည် မထင်။ ထို့ကြောင့် သူတို့ကို ရွေးချယ်ရခက်နေသည်ဟုဆိုလျှင် ထိုအရည်အချင်းမရှိသူများနဲ့ ပြိုင်ဖက် လက်သွေး တစက်စက်ကျကာ ပါးစပ်တွင် လူ့အသွေးအသားစားနေသော သူများကို ရွေးချယ်ကြမလား။ နောင်သွေးချောင်းမစီးစေတော့ပါဟု မည်သို့ ကတိများ ပေးပေး သူတို့ပါးစပ်မှ သွေးများကို ဖုံးကွယ်၍ မရနိုင်။ ထိုသူများကို ရွေးချယ်ကြမလား။ ယနေ့ လူတိုင်း လူတိုင်း ရွေးချယ်စရာလမ်း ၂ လမ်း ရှိပါသည်။ ကျားကို ရိုက်သတ်မလား၊ ကျားစာအဖြစ်ခံမလား၊ မြွေဟောက်အပေါက်ခံမလား၊ မြွေဟောက်ကို ရိုက်သတ်မလား။ ထိုသည်မှာ မိမိတို့ ရွေးချယ်ရမည် ဖြစ်ပေမည်။ ထက်မြက်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024