ဘန်ကောက် ဗုံးကွဲမှု တူရကီနိုင်ငံသားတဦးကို ထပ်မံ ဖမ်းဝရမ်းထုတ်

ဖမ်းဝရမ်းထုတ်ခံရသည့် တူရကီနိုင်ငံသား။ (ဓာတ်ပုံ - thairats)
ထိုင်းနိုင်ငံ ဘန်ကောက် ဧရာဝဏ်နတ်ကွန်းအနီး ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသမီးတဦးရဲ့ ခင်ပွန်းဖြစ်သူ တူရကီနိုင်ငံသားတဦးကို တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်တယ်လို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ လွန်ခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ဖမ်းဝရမ်းထုတ်ထားတဲ့ ထိုင်းအမျိုးသမီး ၀မ်းနား ဆွန်ဆန်ရဲ့ ခင်ပွန်းဖြစ်သူ တူရကီနိုင်ငံသား  Emrah Davutoglu ကို ပေါက်ကွဲမှုဖြစ်စေတဲ့ ခဲယမ်းမီးကျောက်တွေ ပူးပေါင်းသိုလှောင်သိမ်းဆည်းထားမှု၊ သံသယရှိသူတွေကို လက်ခံထားရှိမှုတွေနဲ့ မင်ဘူရီမြို့နယ် တရားရုံးကနေ ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒု-ရဲချုပ်ကြီး ပရ၀စ် ထာဝွန်းဆီရိက စက်တင်ဘာ ၂ ရက် ညနေပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။ လက်ရှိ တူရကီနိုင်ငံမှာ ရောက်နေတယ်ဆိုတဲ့ ၀မ်းနား ဆွန်ဆန်ဟာ  ဖောက်ခွဲရေးပစ္စည်းတွေ သိုလှောင်ထားသူ နိုင်ငံခြားသားတွေ နေထိုင်တဲ့ အခန်းကို သူ့အမည်နဲ့ ငှားရမ်းပေးခဲ့တာဖြစ်ပြီး သူ့ခင်ပွန်းရဲ့ အပေါင်းအသင်းတွေဖြစ်တယ်လို့ တယ်လီဖုန်းကတဆင့် ထွက်ဆိုခဲ့တဲ့အတွက် သူ့ခင်ပွန်းကိုပါ ဖမ်းဝရမ်း ထုတ်ရတာလို့ ဒု-ရဲချုပ်ကြီးက ဆက်ပြောပါတယ်။ သူမအနေနဲ့ ထိုင်းနိုင်ငံကို ပြန်လာပြီး ဒီအမှုမှာ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း လာရောက်ထွက်ဆိုပေးမယ်လို့ သြဂုတ် ၃၁ ရက်နေ့က ပြောထားတဲ့အတွက် သူ့ခရီးစဉ် လေယာဉ်စရိတ်ကို တာဝန်ယူပေးမှာဖြစ်ကြောင်း၊ ဒါပေမယ့် ကနေ့ထိ ထပ်မံဆက်သွယ်မလာတာကြောင့် သူမ လုံခြုံရေးအတွက် အထူးစိုးရိမ်မိကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က ဘန်ကောက် ဧရာဝဏ်နတ်ကွန်းနဲ့ ဆာထုန်လှေဆိပ်အနီး ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး သံသယရှိသူတွေကို ဖမ်းဝရမ်းထုတ်ထားတာ လူ ၈ ဦးရှိသွားပြီ ဖြစ်ပါတယ်။ ထိုင်း ပီဘီအက်စ် တီဗွီသတင်းမှာတော့ ဖမ်းဝရမ်းထုတ်ထားသူ ၈ ဦးအနက် နောင်ကျောက်မြို့နယ် ဖူးလ်အနန် တိုက်ခန်းမှ ပတ်စ်ပို့အတုကိုင် နိုင်ငံခြားသားတဦးကို သြဂုတ် ၃၀ ရက်နေ့၊ ကမ္ဘောဒီးယားနယ်စပ် ဆာကျောက်ခရိုင် အရန်ပထစ်မြို့နယ်မှ တရုတ်နိုင်ငံသား တဦးကို စက်တင်ဘာလ ၁ ရက်နေ့နဲ့ ထိုင်းတောင်ပိုင်း နာရာသီဝပ်ခရိုင် ကိုလုတ်မြို့နယ်မှာ ထိုင်းနိုင်ငံသား တဦးကို စက်တင်ဘာ ၂ ရက်နေ့တွေမှာ ဖမ်းဆီးထားတယ်လို့  ဖော်ပြပါတယ်။ သူတို့ ၃ ဦးဟာ  စီစီတီဗွီကင်မရာက ဖမ်းယူထားတဲ့ အင်္ကျီအ၀ါရောင်ဝတ်သူ၊ အင်္ကျီအပြာရောင်ဝတ်သူ ဟုတ်မဟုတ်၊ ဗုံးဖောက်ခွဲသူ ဟုတ်မဟုတ်ကိုတော့ ထိုင်းရဲတပ်ဖွဲ့က အတည်မပြု သေးပါဘူး။ ကမ္ဘောဒီးယားနိုင်ငံကနေ ဖမ်းမိခဲ့တဲ့ တရုတ်နိုင်ငံသားကို စစ်ဆေးရာမှာ သူ့ရဲ့လက်ဗွေရာဟာ  ဖောက်ခွဲရေးပစ္စည်းတွေ့ခဲ့တဲ့  နောင်ကျောက်မြို့နယ် ဖူးလ်အနန်တိုက်ခန်း အမှတ် ၄၁၄ မှာရှိတဲ့ လက်ဗွေရာနဲ့ တူညီတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဖမ်းဝရမ်းထုတ်ထားသူ ၈ ဦးဟာ  ချိတ်ဆက်မှုတွေ ရှိတယ်လို့လည်း ရဲတပ်ဖွဲ့ရဲ့ အပြောကို ကိုးကားပြီး ပီဘီအက်စ်သတင်းမှာ ဖော်ပြသွားပါတယ်။

More News
Up