အပစ်ရပ် ယူကရိန်း အရှေ့ပိုင်း သူပုန်ထိန်းချုပ်ရာဒေသ ကျောင်းများပြန်ဖွင့်

ဓာတ်ပုံ - 02varvara
ယူကရိန်းအရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားရာ ဒွန်ညက်ဒေသမှာ အပစ်ရပ်စဲရေး သဘောတူညီချက် စတင် အသက်ဝင်လာပြီဖြစ်လို့ စက်တင်ဘာ ၁ ရက်နေ့က ကျောင်းတွေ ပြန်ဖွင့်ပါတယ်။ အရင်တပတ်က ဘီလာရုစ်နိုင်ငံ မင့်ခ်မြို့မှာ သုံးပွင့်ဆိုင် သဘောတူညီချက်အတိုင်း စက်တင်ဘာ ၁ ရက်နေ့ကစလို့ အပစ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်တာကြောင့် အခုလိုမျိုး ကျောင်းတွေ ပြန်ဖွင့်နိုင်တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းသားမိဘတွေကတော့ ဒေသထဲက တချို့မြို့နယ်တွေမှာ အခြေအနေတွေဟာ အန္တရာယ်ရှိနေတုန်းပဲလို့ ပြောကြပါတယ်။ အရင်တပတ်က အမြောက်သံတွေကို အိမ်ထဲကနေ နားထောင်ရင်းနဲ့ အပစ်ရပ်စဲရေး တကယ်ဖြစ်ပါ့မလားဆိုပြီး စိုးရိမ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီတုန်းကလည်း အစိုးရတပ်နဲ့ ရုရှားလိုလားတဲ့တပ်တွေ အပစ်ရပ်စဲကြပြီး ဒေသရွေးကောက်ပွဲနဲ့ အထူးအုပ်ချုပ်ခွင့်ရဒေသ ပုံစံမျိုးကို အကောင်အထည်ဖော်မယ့် နိုင်ငံရေး လုပ်ငန်းစဉ် စတင်ဖို့ သဘောတူခဲ့ပေမယ့် နှစ်ဘက် ပစ်ခတ်မှုတွေ၊ အသေအပျောက်တွေ ဆက်ရှိခဲ့တာကြောင့် အဆင်မပြေခဲ့ပါဘူး။ သြဂုတ် ၃၁ ရက်နေ့မှာတော့ ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကိုက ကျန်ခဲ့တဲ့ သုံးရက်အတွင်းမှာ အစိုးရဘက်က အသေအပျောက် မရှိဘူးလို့ ကြေညာပါတယ်။ သမ္မတက ဒီလိုမပြောခင် တရက်ကပဲ  သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်မြှင့်ပေးမယ့် အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ အမျိုးသားရေး ၀ါဒီတွေက လွှတ်တော်ရှေ့မှာ ဆန္ဒပြခဲ့ကြပြီး လူအုပ်ထဲကို ပစ်သွင်းတဲ့ လက်ပစ်ဗုံးတလုံး ပေါက်ကွဲခဲ့ရာမှာ လုံခြုံရေး ၁ ဦးသေဆုံး၊ လူ ၉၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။ ယူကရိန်းမှာ ရုရှားလိုလားတဲ့ သမ္မတကို လူထုဆန္ဒပြပွဲက ဖြုတ်ချခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားက ခရိုင်းမီးယားကို ၀င်သိမ်းတဲ့အချိန် မနှစ် ဧပြီလကတည်းက  နိုင်ငံအရှေ့ပိုင်းဒေသမှာ ခွဲထွက်ရေး လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ပြီး လူပေါင်း ၆၅၀၀ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

More News
Up