ဆယ်လဖီ၊ ဖေ့စ်ဘွတ်(ခ)နှင့် မိမိဆန္ဒ ဖော်ပြမှု

ဆယ်လဖီ (selfie) လို့ ခေါ်ကြသည့် ကိုယ့်ကိုယ်ကိုယ် ရိုက်သည့် ဓာတ်ပုံတွေ ယခုနှစ်ပိုင်းမှာ ခေတ်စားလာသည်။ အရင်တုန်းကလည်း ကင်မရာကို သုံးချောင်းထောက် မှာတင်၊ အသင့်ချိန်ထား၊ timer (အချိန်မှတ်) ပေးထားပြီး၊ ကင်မရာရှေ့ ပြေးသွားကာ ဓာတ်ပုံအရိုက်ခံတာမျိုး ရှိသည်။ ဒါလည်း selfie ပါပဲ။ သို့သော်၊ ရိုက်ရတာ ကရိကထများသည်။ ရှားရှားပါးပါး တချို့ ပုဂ္ဂိုလ်တွေသာ တစ်ခါတစ်ရံ လုပ်တတ်ကြသည်။ ယခုခေတ်မှာ တယ်လီဖုန်းကင်မရာတွေ သိပ်ကောင်းလာသဖြင့် ကိုယ့်ပုံကိုယ်ရိုက်ရတာ လွယ်လာသည်။ အဲသည်တော့ နေရာတကာမှာ ရိုက်ကြသည်။ ခဏ ခဏ ရိုက်ကြသည်။ ရိုက်ပြီး ဘာလုပ်သလဲဆိုတော့ လူမှုကွန်ရက် စာမျက်နှာတွေပေါ် တင်ကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှာတော့ facebook ပေါ့။ တစ်ချိန်က တယ်လီဖုန်း အလွန်ရှား၊ အင်တာနက် အလွန်ခက်သည့် မြန်မာပြည်မှာ ယခု အဲသည်လောက် မရှားမခက်တော့ တယ်လီဖုန်းကိုင်သူ၊ ဖေ့စ်ဘွတ်(ခ)သုံးစွဲသူတွေ သန်းချီ ရှိလာပြီ။ အဲသည်မှာ ရိုက်ကြ တင်ကြ။ တစ်ယောက်တည်းပုံတွေ ရိုက်၊ မိသားစုရိုက်၊ သူငယ်ချင်းတွေနဲ့ မိတ်ဆုံစားတာရိုက်၊ စားသည့် ဟင်းပွဲတွေရိုက်၊ ထူးခြားသည် ထင်တာမှန်သမျှရိုက်၊ အနီးအနားမှာ မိတ်ဆွေအပေါင်းအသင်း ရှိလျှင် လက်တို့ပြီး ပြချင်တာတွေရိုက်။ အဲ၊ မကြာခင်ကတော့ ရေဘေးကယ်ဆယ်ရေးမှာ တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ခဲ့ပုံတွေရိုက်၊ ဖဲကြိုးနက် လှုပ်ရှားမှုမှာ မိမိ ပါဝင်နေသည့် ပုံတွေ ရိုက်၊..... ပြီးလျှင် ဖေ့စ်ဘွတ်(ခ)မှာတင်။ အဲသည်တော့၊ တော်ကြာလျှင် ရွေးကောက်ပွဲကြီး လာတော့မည်။ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ် စည်းရုံးတာတွေ လာတော့မည်။ အဲဒါဆိုလျှင် ဖုန်းကင်မရာနှင့် ဖေ့စ်ဘွတ်(ခ) သုံးသူတွေ ရိုက်ကြတင်ကြတာတွေ တွေ့လာရတော့မည်။ ဘယ်လောက်အထိ ရိုက်ကြတင်ကြမည်လဲ။ ယခုအချိန်မှာ ခန့်မှန်းဖို့ ခက်သည်။ သို့သော် ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ဖေ့စ်ဘွတ်(ခ)ပေါ်မှာ ဓာတ်ပုံတွေ မဲဆွယ်စာတွေ သူ့ထက်ငါ တင်ကြပြီး၊ အဲသည်မှာ အကောင်းတွေရော အဆိုးတွေပါ မျိုးစုံ ပါလာကြလိမ့်မည် ဆိုတာတော့ အားလုံး သိနေသည်။ အဲဒါကြောင့် ရွေးကောက်ပွဲ အကြိုကာလမှာ ဖေ့စ်ဘွတ်(ခ) စာမျက်နှာများကို စိစစ်မည်ဆိုတာလည်း ကြားနေရသည်။ ဘာတွေကို ဦးတည် စိစစ်မည်၊ ဘယ်အတိုင်းအတာ အထိ စိစစ်မည်၊ ဆိုတာတော့ မသိနိုင်သေး။ ဒါကို ခဏ ထားပါဦး။ နိုင်ငံရပ်ခြားမှာတော့ မဲဆန္ဒပေးပွဲနှင့် ဆယ်လဖီ ဓာတ်ပုံတို့ ဆက်စပ်ပြီး ပြဿနာတက်သံတွေ ကြားနေ ရသည်။ ပုဂ္ဂိုလ်တချို့က၊ ရွေးကောက်ပွဲအတွက် ဆန္ဒမဲ ပေးရသည့်အခါ၊ မဲရုံ မဲပေးခန်းထဲမှာ မိမိ ထောက်ခံသော ပါတီက ကိုယ်စားလှယ် ဘယ်သူဘယ်ဝါကို အမှတ်ခြစ် (တံဆိပ်နှိပ်) မဲပေးပြီး၊ အဲသည် မဲပြားအား မဲပုံးထဲ ထည့်နေသည့်ပုံကို ဆယ်လဖီ ရိုက်သည်။ ထို့နောက် လူမှုကွန်ရက်စာမျက်နှာမှာ တင်သည်။ အဲဒါသည် လုပ်ခွင့်ရှိသလား မရှိဘူးလား၊ ဥပဒေနှင့် ညီသလား မညီဘူးလား၊ အငြင်းပွားနေကြတာ ဖြစ်သည်။ ကနေဒါမှာတော့ ဆန္ဒမဲ ခြစ်ထားသည့် မဲပြားကို သူတစ်ပါးအား မပြရဟု ရွေးကောက်ပွဲ ဥပဒေက တားမြစ် ထားကြောင်းနှင့် ၎င်းကို ကျူးလွန်ပါက ပြစ်ဒဏ် ကျခံရနိုင်ကြောင်း ရွေးကောက်ပွဲ အရာရှိတချို့က ဆိုသည်။ ကနေဒါ ဥပဒေမှာ သည်ကိစ္စ ဘယ်တုန်းက ထည့်ထားခဲ့သလဲ မသိ၊ သို့မဟုတ် ရှိရင်းစွဲ ဥပဒေ တစ်ခုခုနှင့် ချိတ်ဆက်ကာ၊ သည်ကိစ္စလည်း အကျုံးဝင်သည်ဟု ဆွဲယူလေသလား မပြောတတ်။ အကြောင်းက ဆယ်လဖီ ရိုက်တာတွေသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းမှာမှ ပေါ်လာခြင်းဖြစ်ရာ တိုင်းပြည် အတော်များများ၏ ရွေးကောက်ပွဲ ဥပဒေများမှာ ယင်းနှင့် စပ်လျဉ်း၍ တိတိကျကျ ပြဋ္ဌာန်းထားတာမျိုး ရှိမည် မထင်။ မြန်မာ့ ဥပဒေမှာလည်း ထိုနည်းလည်းကောင်း ရှိလိမ့်မည်။ အဲသည်တော့ ဒါမျိုး ကြုံလာလျှင် မြန်မာအာဏာပိုင်တို့ ဘယ်လို သဘောထားမည်လဲ။ ဒါသည် ဘာညာ ဘာညာ ဖြစ်ပါသည် ဆိုပြီး တားမြစ်မည်လား၊ အပြစ်ပေး အရေးယူမည်လား။ သို့မဟုတ်၊ ဒါသည် နိုင်ငံသားတို့အနေနှင့် မိမိတို့၏ အခြေခံ ရပိုင်ခွင့် လွတ်လပ်ခွင့်များကို ကျင့်သုံး ခံစားခြင်းသာ ဖြစ်သည်ဟု သိမှတ် လက်ခံမည်လား။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)မှာတော့ ပုဒ်မ ၃၅၄ တွင်၊ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူများ၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့် ရှိသည်။ (က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ (ခ) ------------------ (ဂ) ------------------ (ဃ) ------------------” စသဖြင့် ဖော်ပြထားသည်။ မိမိ ပုံကို ရိုက်ကူးကာ၊ မိမိသည် မည်သို့သော နိုင်ငံရေး ယုံကြည်ချက်မျိုး ရှိကြောင်း၊ မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းကို ထောက်ခံသူဖြစ်ကြောင်း အများသိအောင် ဖြန့်ချိ တင်ပြခြင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူများ၏ ကိုယ်ကျင့်တရားရေးတို့ကို ထိခိုက်စရာအကြောင်း မရှိပေ။ ထို့ကြောင့်၊ ယင်းအား ဥပဒေ စည်းမျဉ်းစည်းကမ်း တစ်ခုခုဖြင့် တားမြစ်ပိတ်ပင်ပါက၊ အဆိုပါ ဥပဒေ စည်းမျဉ်းစည်းကမ်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်လိမ့်မည် မဟုတ်ပေ။ အမေရိကနှင့် ကနေဒါနှင့် ဥပဒေသမားများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများက အလားတူ သဘောရှုမြင်ကာ၊ ယင်းကိစ္စသည် တားမြစ်စရာ မဟုတ်ကြောင်း ငြင်းခုံ ဝေဖန်လျက် ရှိသည်။ အမေရိကန် တရားရုံး တရားသူကြီးတစ်ဦးကလည်း ယင်းသို့ တားမြစ်ပိတ်ပင်ခြင်းသည် မဲဆန္ဒရှင်တို့၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ပြောဆိုခွင့်ကို ထိပါးရာ ရောက်သည်ဟု အဆုံးအဖြတ် ပေးခဲ့သည်။ သည်ကိစ္စနှင့် စပ်လျဉ်း၍ ဥပဒေကြောင်းမှ မဟုတ်ဘဲ အခြား ရှုထောင့်များမှ ဆွေးနွေး ငြင်းခုံကြသူ တချို့က၊ မိမိ ထောက်ခံ မဲခြစ်ထားသော မဲပြားကို ဓာတ်ပုံရိုက် ပြသခြင်းမှ မဲရောင်း မဲဝယ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုကြသည်။ ယခင်တုန်းက မဲဝယ်မည်ဆိုလျှင် ခင်ဗျား ဘယ်သူဘယ်ဝါကို မဲထည့်ပေးပါ၊ ဘယ်လောက် ဘယ်ရွေ့ ပေးပါမည် ဆိုတာမျိုးပဲ ပြောနိုင်သည်။ မဲဆန္ဒရှင်က ပိုက်ဆံ ယူသွားပြီး၊ မဲရုံထဲကျတော့ သူ တကယ် ထောက်ခံသူကို မဲပေးခဲ့လျှင် ဘာမှ မတတ်နိုင်။ ဒါကြောင့် တချို့ အဖွဲ့အစည်းများက တစ်ရွာလုံး တစ်ရပ်ကွက်လုံးကို မဲဖိုး ပေးသည်။ ခင်ဗျားတို့ တစ်မဲ ဘယ်လောက် နှုန်း ယူကြ၊ ပြီးရင် ကျုပ်တို့ လူကို မဲထည့်ကြ၊ မဲရေလို့ ကျုပ်တို့လူ ရှုံးရင် ရွာကို မီးရှို့မယ်၊ ရပ်ကွက်ကို ဘာလုပ်ပစ်မယ် စသဖြင့် ပိုက်ဆံလည်းပေး၊ ခြိမ်းလည်း ခြိမ်းခြောက်တာမျိုး လုပ်တတ်ကြသည်။ တစ်ခါတုန်းက ထိုင်းနိုင်ငံမှာတော့ မဲဝယ်သူက ပိုက်ဆံမပေး၊ အိမ်ပေါက်စေ့ ဖိနပ်တွေ လိုက်ပေးသည်။ သို့သော် တစ်ရန်လုံး မပေး၊ တစ်ဖက်တည်း ပေးသည်။ ဘယ်ဘက်တွေ အရင်ယူထား၊ ကျုပ်တို့လူနိုင်ရင် ညာဘက် ဖိနပ်တွေ လိုက်ပေးမည်၊ အဲသလို။ ယခု ဆယ်လဖီ မဲပြားကတော့ ဘယ်သူဘယ်ဝါကို မဲပေးထားကြောင်း ခိုင်လုံသော အထောက်အထားဖြစ်သဖြင့် အရောင်းအ၀ယ်လုပ်၍ ပိုကောင်းသည်။ အဲသည်တော့ မဲဝယ်သူက ခင်ဗျား မဲပြားကို ဓာတ်ပုံရိုက်ခဲ့ပါ။ အဲဒါပြရင် ဘယ်လောက်ပေးပါမည်၊ ယခု စရန်တစ်ဝက်ယူထားပါ၊ စသဖြင့် ပြောနိုင်သည်။ ကြောက်မည့်သူများကိုလည်း အဲသလို ပြောဆိုကာ ခြိမ်းခြောက် ခိုင်းစေနိုင်စရာ ရှိသည်။ ထို့ကြောင့် ဒါကို ခွင့်မပြုသင့်ဟု ငြင်းခုံကြတာ ဖြစ်သည်။ သို့သော်၊ တရားဥပဒေကြောင်းအရ ပြန်စဉ်းစားရသော်၊ မဲရောင်းမဲဝယ်သူ၊ မဲပေးရန် ခြိမ်းခြောက် ပြောဆိုသူ၊ တစ်နည်းနည်း ဖိအားပေးသူသည် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို ထိခိုက်စေသဖြင့် ၎င်းအား အရေးယူခြင်းသည် သင့်မြတ်သည်၊ မှန်ကန်သည်၊ ထိထိရောက်ရောက် ဆောင်ရွက်သင့်သည်ဟု ဆိုချင်သည်။ သို့သော်၊ မိမိ ဆန္ဒမဲပေးပုံကို အမှတ်တရ ဓာတ်ပုံ (ဆယ်လဖီ) ရိုက်ကူးခြင်း၊ မိမိ မည်သူ့ကို မဲဆန္ဒ ပေးခဲ့ကြောင်း အများသိအောင် ဖော်ပြခြင်းကား မိမိ၏ လွတ်လပ်ခွင့် ရပိုင်ခွင့်တို့ကို ကျင့်သုံး ခံစားခြင်းသာ ဖြစ်သည်ဟု တင်ပြ လိုပါသည်။ ဖေမြင့် (မှတ်ချက်- ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၁၊ အမှတ် - ၄၉ ဆရာဖေမြင့်ဆောင်းပါးကို ပြန်လည်ဖော်ပြသည်)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up