အီတလီတွင် ရေခဲမြစ် အရည်ပျော်နှုန်းမြင့်မှုမှ ကယ်တင်ရန် ကြိုးစား (ရုပ်သံ)

4.3K
အီတလီနိုင်ငံအတွင်း နွေရာသီအပူချိန် မြင့်နေလို့ ရေခဲမြစ်တွေ အရည်ပျော်နှုန်း သာမန်ထက် ပိုမြင့်နေတယ်လို့ ပညာရှင်တွေက သတိပေးနေပါတယ်။
ရေခဲမြစ်တွေကို ကယ်တင်ရေး အဖြေရှာဖို့ ပညာရှင်တွေ ကြိုးစားနေကြရတာပါ။
နိုင်ငံအရှေ့မြောက်ပိုင်း ဒိုလိုမိုက်ပြည်နယ်က တောင်တွေပေါ်မှာ ၃ မီတာ အထူရှိတဲ့ ရေခဲတွေ လုံးဝပျောက်ကွယ်သွားပြီး သက်ရောက်မှုဒဏ်ကို အများဆုံးခံရတဲ့ဒေသ ဖြစ်လာပါတယ်။
ဗယ်လ်စေနာလေ ဒေသမှာ ဂီယိုဂို အော်တိုနဲ့ မာမိုလာဒါ ရေခဲမြစ်တွေကို အပူဒဏ်က ကာကွယ်ပေးဖို့ ကြိုးစားတဲ့အနေနဲ့ အလုပ်သမားတွေက ကြီးမားတဲ့ အဝတ်ဖြူစတွေနဲ့ ဖုံးအုပ်နေကြပါတယ်။
ဒေသတွင်း အပူချိန် ၂၂ ဒီဂရီ ဆဲလ်စီးယပ်စ်ထိရောက်အောင် အပူလှိုင်းဖြတ်နေလို့ ရေခဲတွေ အရည်ပျော်နေတာပါ။
ခါတိုင်းက စက်တင်ဘာလကုန်မှာ ရေခဲမြစ်တွေ အဆုံးသတ်ပြီး အပူချိန်ပြန်ကျလို့ နှင်းစကျလေ့ ရှိတာပါ။
ဒီနှစ်မှာတော့ ၃ နှစ်ကနေ ၆ နှစ်စာ နှင်းနဲ့ ရေခဲတွေ နွေရာသီအပူချိန်ကြောင့် ဆုံးရှုံးခဲ့ပြီးပြီလို့ ပညာရှင်တွေက ပြောပါတယ်။
အီတလီမြောက်ပိုင်းမှာ နွေရာသီ အပူဆုံးလဖြစ်တဲ့ သြဂုတ်လမှာ အပူချိန် ၃၄ ကနေ ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ စံချိန်တင်အောင် ပူခဲ့ပါတယ်။
ရေခဲမြစ်တွေ အရည်ပျော်ကုန်ပြီး ရေအရင်းအမြစ် ဆုံးရှုံး ကျောက်တွေပြိုကျနိုင်ချေ တိုးလာလို့ တောင်တက်သမားတွေနဲ့ နှင်းလျှောစီးသူတွေအတွက် အသက်ဘေး ရှိပါတယ်။
နှင်းစောစောကျရင် အခြေအနေသက်သာအောင် ကူညီနိုင်မှာ ဖြစ်ပေမယ့် အခုတော့ ရေခဲမြစ် မျက်နှာပြင်ပေါ်မှာ အဖြူရောင်အဝတ်တွေ လွှမ်းခြုံထားတာက တခုတည်းသော သက်သာရာ ဖြစ်နေပါတယ်။