ဖမ်းဆီးထားသူသည် အဓိက သံသယရှိသူဖြစ်ဟု ထိုင်းရဲပြော
DVB
·
September 1, 2015
ထိုင်းနိုင်ငံ ဘန်ကောက် ဗုံးပေါက်ခွဲမှုနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယား နယ်စပ်မှာ ဖမ်းဆီးရမိတဲ့သူဟာ အဓိကသံသယရှိသူဖြစ်ပြီး ကွန်ရက်ရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သံသယရှိသူကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဘန်ကောက် ရဲတပ်ဖွဲ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့ပြောခွင့်ရ ပရာဝပ် သောင်ဝမ်ဆီရီက နေလယ် ၁၂ နာရီ နယ်စပ်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေချိန်မှာ ဖမ်းဆီးရမိခဲ့တာလို့ ပြောပါတယ်။
ဒါအပြင် ဖမ်းဆီးထားသူဟာ ပုံကြမ်းရေးဆွဲထားတဲ့သူနဲ့ တူတယ်လို့ ဆိုပါတယ်။
နိုင်ငံသားနဲ့ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသလို ဖမ်းဆီးထားသူက အင်္ဂလိပ်လို ပြောဆိုနိုင်တယ်လို့ ပြောပါတယ်။
ဖမ်းဆီးထားသူကို ဘန်ကောက်က စစ်အခြေစိုက်စခန်းတခုမှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
တခြား အသေးစိတ် အချက်အလက်တွေကိုတော့ မနက်ဖြန်မှာ ကျင်းပမယ့် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုမှာ ဖြစ်သလို ထိုင်းစစ်တပ်ကလည်း ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ သတင်းစာရှင်းလင်းပွဲကျင်းပဖို့ ရှိနေပါတယ်။