Home
ဆောင်းပါး
ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာခြင်းအန္တရာယ်နဲ့ တပူပေါ်နှစ်ပူဆင့် ရေဘေးသင့်ပြည်သူတွေ
DVB
·
September 1, 2015
ဟိမ၀န္တာ တောင်တန်းပေါ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အဆက်မပြတ် မိုးရွာသွန်းမှုတွေကြောင့် ရုတ်တရက် ရေကြီးမှု၊ မြေပြိုမှုတွေကို သတိပြုဖို့ မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က အသိပေးနှိုးဆော်ထားတဲ့ သတင်းကို ဒီဗွီဘီ ရုပ်မြင်သံကြားသတင်းမှာ မနေ့က ကြည့်လိုက်ရတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ ပထမဆုံးအကြိမ်အဖြစ် လေထုကြီးထဲမှာ ပျမ်းမျှ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ပါဝင်မှုဟာ ပြီးခဲ့တဲ့ မတ်လတလလုံးမှာ (400 ppm : parts per million) အပုံတသန်းမှာ အပုံလေးရာကျော်ခဲ့ပြီလို့ The National Oceanic and Atmospheric Administration (NOAA) အဖွဲ့ကနေ မေလ ၆ ရက် ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၈၀၀,၀၀၀ အတွင်းမှာ ပထမဆုံးအကြိမ် ဖြစ်သလို အမြင့်ဆုံး ပါဝင်နှုန်းလည်း ဖြစ်ပါတယ်။ လူသားတွေနဲ့ သက်ရှိတွေအတွက် အန္တရာယ်ကင်းပြီး စိတ်ချနိုင်တဲ့ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ပါဝင်မှု ပမာဏဟာ (300 ppm : parts per million) အပုံတသန်းမှာ အပုံသုံးရာ့ငါးဆယ်ပါ။ အဲ့ဒီအန္တရာယ်ကင်း ပမာဏကို ကျော်ခဲ့တာ ၁၉၈၈ နှစ်ဦးပိုင်းကာလတွေကတည်းကပါ။ ဒါဟာ ဘာကိုပြသလဲဆိုရင် လူသားတွေရဲ့ တည်ရှိရှင်သန်မှုကို ခြိမ်းခြောက်လာတဲ့အဆင့်  ရောက်လာပြီ ဆိုတာပါပဲ။ နောက်တချက်က ကာဗွန်ဒိုင်အောက်ဆိုဒ်ဆိုတာ ထုတ်လွှတ်လိုက်ပြီဆိုတာနဲ့ လေထုထဲမှာ နှစ်ပေါင်း ထောင်ချီပြီး မပျောက်မပျက် တည်ရှိနေနိုင်တယ်ဆိုတာ ပြသလိုက်တာပါပဲ။ တကယ်တော့ လေထုကြီးထဲမှာ ပျမ်းမျှကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) မြင့်မားစွာ ပါဝင်မှု (400 ppm : parts per million) ကျော်တာဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတုန်းက ဒီကမ္ဘာကြီးမှာ လူသားတွေမရှိခင်၊ မပေါ်ပေါက်လာခင်ကလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းကတော့ မြင့်မားမှုဟာ မီးတောင်ပေါက်ကွဲမှု စတဲ့ သဘာဝဘေးဒဏ်တွေက ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) တွေကြောင့်ပါ။ အခုဖြစ်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) မြင့်မားစွာ ပါဝင်မှုမှာတော့ လူသားတွေရဲ့ ပရောဂများစွာဟာ အရင်းခံအကြောင်းတရားတွေ အနေနဲ့ ပါဝင်ပါတယ်။ စက်မှုခေတ်မတိုင်ခင် (pre-industrial era – before 1750) အထိ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှုဟာ (280 ppm) ပဲ ရှိတာပါ။ အဲ့ဒီအခြေအနေကနေ စက်မှုလုပ်ငန်းတွေ တိုးတက်ထွန်းကားလာခြင်းနဲ့အတူ နှစ်ပေါင်း ၂၆၀ ကျော်အတွင်းမှာ လူသားတွေပရောဂကြောင့် လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု (120 ppm) တက်လာခဲ့တာပါ။ အဲ့ဒီလို လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု မြင့်မားခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာခြင်း (Global Warming) ကို ဖြစ်ပေါ်လာစေတဲ့ အဓိက အကြောင်းတရားတွေထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ မကြုံစဘူး ထူးကဲစွာ တပြည်လုံးနီးပါး ရေကြီးရေလွှမ်းဒဏ် ခံရလောက်အောင် မိုးသည်းထန်စွာ ရွာသွန်းစေတဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း (Climate Change) ဖြစ်ရတာဟာ ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာခြင်းကြောင့်ပါပဲ။ ကမ္ဘာဂြိုဟ်ပြာကြီးကို ၀န်းရံထားတဲ့လေထုနဲ့ ပင်လယ်သမုဒ္ဒရာရေပြင်ရဲ့ ပျမ်းမျှအပူချိန်ဟာ ၁၉ ရာစု နှောင်းပိုင်းက စတင်ပြီး တဖြည်းဖြည်းမြင့်တက်လာမှုကို ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ ၂၀ ရာစုအတွင်း ကမ္ဘာကြီးရဲ့ ပျမ်းမျှအပူချိန် မြင့်တက်မှုဟာ ၀ ဒသမ ၆ ဒီဂရီစင်တီဂရိတ် ( ၁ ဒသမ ၁ ဒီဂရီဖာရင်ဟိုက်) ထိ ရှိပါတယ်။ ကမ္ဘာကြီးပူနွေးလာရခြင်းမှာ ကမာ့္ဘလေထုထဲတွင် ရေခိုးရေငွေ့များ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်များ၊ မီသိန်း၊ အိုဇုန်း အစရှိတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse Gases) တွေ တိုးပွား သိပ်သည်းလာတာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီဓာတ်ငွေ့တွေအထဲမှာ ရေနံလောင်စာဆီတွေ လောင်ကျွမ်းစေရာက ထုတ်လွှတ်လိုက်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့တွေ တိုးပွားလာခြင်းက အဓိကတရားခံပဲလို့ ပညာရှင်တွေက ဆိုကြပါတယ်။ နေရောင်ခြည်တွေ ကမ္ဘာပေါ်ကို ကျရောက်လာတဲ့အခါ တချို့ဟာ မြေကြီးထဲစုပ်ဝင်သွားပြီး ကမ္ဘာမြေကို ပူနွေးသွားစေတယ်။ ကျန်တဲ့ နေရောင်ခြည်အများစုဟာ မြေပြင်ကို ထိတွေ့ပြီးတဲ့နောက် နေအလင်းထက် ပိုမိုရှည်လျားတဲ့ လှိုင်းအလျားရှိတဲ့ ရောင်ခြည်များအဖြစ် လေထုထဲကို ပြန်လည်ရိုက်ခတ်သွားကြတယ်။ လှိုင်းအလျားပိုရှည်တဲ့ အဲ့ဒီရောင်ခြည်တွေဟာ အာကာသထဲကို လွင့်ပါးပျောက်ကွယ်မသွားခင် လေထုထဲက ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse Gases) တွေရဲ့ စုပ်ယူခြင်းကို ခံကြရတယ်။ အဲ့ဒီ ဖန်လုံအိမ်ဓာတ်ငွေ့တွေဟာ ကြေးမုံပြင်ပမာ သူတို့စုပ်ယူထားတဲ့ နေရောင်ခြည် အပူစွမ်းအင်တွေကို ကမ္ဘာမြေပြင်ဆီ ပြန်လည်ထုတ်လွှတ် ပူနွေးစေခြင်းကိုပဲ ဖန်လုံအိမ်အာနိသင် (Greenhouse Effect) လို့ ခေါ်ဆိုကြတာပါ။ ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာခြင်းရဲ့ ဆိုးကျိုးတွေကတော့ ရေခဲတောင်များ အရည်ပျော်စေခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာစေခြင်း၊ အချို့သောကျွန်းများ၊ မြို့များ၊ နိုင်ငံများ ရေအောက်သို့ ရောက်ရှိသွားနိုင်ခြင်း၊ ရာသီဥတုများ ဖောက်ပြန်ပြောင်းလဲစေခြင်း၊ အချို့နေရာတွင် မိုးခေါင်စေခြင်း၊ သဲကန္တာရအသစ်များ ပေါ်ထွန်းစေခြင်း၊ အချို့နေရာတွင် မိုးရေချိန်ပမာဏ များပြား၍ ရေကြီးရေလွှမ်းမိုးစေခြင်း၊ မြေပြိုစေခြင်း၊ မုန်တိုင်းနှင့် လေဆင်နှာမောင်းများ ပိုမိုတိုက်ခတ်လာစေခြင်း၊ စိုက်ပျိုးသီးနှံအထွက်နှုန်း ကျဆင်းစေ၍ အစာရေစာရှားပါးခြင်း၊ ငတ်မွတ်ခေါင်းပါးမှု ဖြစ်ပေါ်စေခြင်း၊ ဂေဟစနစ်တို့ ပြိုကွဲခြင်းတို့အပြင် အခြားဆိုးကျိုးများစွာ ဖြစ်ပေါ်စေပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးက လူသားတွေဟာ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင်၊ မိမိကြီးပွားချမ်းသာရေးကိုသာ ဇောင်းပေးလုပ်ဆောင်ကြရင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဘေးဖယ်ထားတတ်၊ မျက်ကွယ်ပြုတတ်ကြတယ်။ အပြိုင်အဆိုင်၊ အထိန်းအကွပ်မဲ့ ကြီးထွားလာတဲ့ စက်မှုလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ တိုးပွားလာတဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်ရထားနဲ့ ကားတွေ၊ အလွန်လျှင်မြန်စွာ မြို့ပြချဲ့ထွင်လာမှုတွေ၊ သစ်တောကြီးတွေကို ပရမ်းပတာခုတ် ရောင်းချမှုတွေ၊ အစရှိတဲ့ လုပ်ဆောင်ချက်တွေကနေ ဘေးထွက်ဆိုးကျိုးအဖြစ် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ပိုမိုထွက်ရှိကာ ကမ္ဘာလုံးဆိုင်ရာပူနွေးလာမှု (Global Warming) ကို ပိုလို့ ဆိုးဝါးလာစေတော့တယ်။ မြန်မာနိုင်ငံမှာ တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ လက်ရှိကြုံနေရတဲ့ သဘာဝဘေးအန္တရာယ်ဆိုးကြီးဖြစ်တဲ့ ရေကြီးရေလွှမ်းမှု၊ ရေတိုက်စားမြေပြိုမှုတွေဟာ လူ့ပရောဂတွေကြောင့် ကမ္ဘာလုံးဆိုင်ရာပူနွေးလာမှု (Global Warming) ရဲ့ အကျိုးဆက်တခုဖြစ်တဲ့ ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်း၊ မိုးများခြင်း (Climate Change) ကျိန်စာသင့်ခဲ့တာပါ။ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း ဆိုသလို မြန်မာပြည်သူတွေဟာ ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာမှုရဲ့ ဆိုးကျိုးတွေတင်မက နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးရဲ့ အုပ်ချုပ်ပုံ အမှားကုဋေကုဋာ ဆိုးကျိုးတွေကိုပါ တပြိုင်နက် လည်စင်းခံနေရတာပါ။ မိုးရေကို ထိန်းသိမ်းထားပေမယ့် သစ်တောအုပ်လိုက်အုပ်လိုက် ပရမ်းပတာ ခုတ်ခဲ့ကြတာ မဟုတ်လား။ ငွေလွယ်လွယ်ရပေါက်တခုတည်းကြည့်ပြီး အမြော်အမြင်မဲ့ မြေတွင်းသတ္တုတွေတူး၊ ရွှေတွေကျင် ပြဲပြဲစင်အောင် လုပ်ခဲ့ကြတာလေ။ ဒီတော့ မြေတွေပြို၊ ချောင်းတွေကော မြစ်တွေကောလာပေမယ့် သောင်တွေမှန်မှန်မတူးမှတော့ ဗူးလေးရာ ဖရုံဆင့်တာပေါ့။ ပိုဆိုးတာက လက်ရှိ စစ်တပိုင်းအစိုးရ လက်အောက်မှာ တိုင်းပြည်ဘတ်ဂျက်သုံးပြီး ဖွင့်ထားတဲ့ “လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန” ဆိုတာ အမည်ခံသာသာလောက်ရှိပြီး ကယ်ဆယ်ရေး၊ ရေဘေးလွတ်ရာပြောင်းရွှေ့ရေး၊ ကူညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ထူထောင်ရေးတွေကို ထိထိရောက်ရောက် ဘာမှမလုပ်ပေးနိုင်တာ ပြည်သူတိုင်း သိနေပါပြီ။ ဒီတော့ ပြည်သူတွေမှာ အချင်းချင်း ၀ိုင်းဝန်းကူညီ ဖေးမကြရတာ မဟုတ်လား။ အနယ်နယ်အရပ်ရပ်က စေတနာရှင်တွေ၊ အလှူရှင်တွေ  ထောက်ပံ့တာတွေနဲ့ ပရဟိတအဖွဲ့တွေရဲ့ သက်စွန့်ဆံဖျား ကူညီစောင့်ရှောက်မှုတွေကြောင့် နည်းနည်းခံသာနေတာ မဟုတ်လား။ ပုသိမ်မြို့က ဒေါ်သန်းဌေးတို့လို ကိုယ့်အသိစိတ်နဲ့ မိမိနေအိမ်ကို ရေဘေးကယ်ဆယ်ရေး စခန်းဖွင့်လှစ်ပြီး ကူညီတာတောင် အောက်ခြေရပ်ကွက် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေက တရားမ၀င် ကယ်ဆယ်ရေးစခန်းအဖြစ် သတ်မှတ်ခဲ့ရုံမက စခန်းဖွင့်ကတည်းက အုပ်ချုပ်ရေးပိုင်းကို အကြောင်းကြားခဲ့ပေမယ့် လာကူညီတာ၊ အားပေးစကားပြောတာ တကြိမ်မှ မလုပ်တဲ့အပြင် ဒီစခန်းက တရားမ၀င်တဲ့စခန်းဆိုပြီး အပြင်မှာ လျှောက်ပြောသတဲ့။ အုပ်ချုပ်ရေးပိုင်းက တာဝန်မဲ့ရုံမကဘဲ အတွေးအခေါ်နိမ့်ကျ ယုတ်ညံ့ပုံများ ပြောပါတယ်။ အစိုးရရဲ့ ရေဘေးကယ်ဆယ်ရေး စီမံချက်တွေဆိုတာလည်း အညာခံချင်တဲ့ လူကြီးဆိုသူတွေလာရင် ပြနိုင်ဖို့ ညာနိုင်ဖို့ ရေးဆွဲထားတဲ့ စာရွက်ပေါ်မှာပဲရှိနေတဲ့ စီမံကိန်းတွေပဲ မဟုတ်လား။ တကယ်တော့ မဆလစစ်အစိုးရ လက်ထက်ကနေ ဒီနေ့အထိတိုင် နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတို့၊ ရခိုင်ပြည်နယ်တို့ဆိုတာ မကြာခဏ မုန်တိုင်းဒဏ်သင့်ခံခဲ့ရတာပါ။ ဖြစ်တဲ့အခါတိုင်း မြန်မာပြည်သူတွေဟာ အကြိမ်ကြိမ် ခေါင်းငုံ့လည်စင်း ခံခဲ့ရတာ ဒီနေ့အချိန်ထိ မဟုတ်လား။ အဆိုးဝါးဆုံးကတော့ မေလဆန်း ၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းပါ။ ခန့်မှန်းခြေ လူပေါင်း ၁၃၈,၀၀၀ အသက်ဆုံးရှုံးမှုတွေနဲ့ ကြုံခဲ့ရတာ ၇ နှစ်ပြည့်သွားပါပြီ။ ဒါပေမယ့် စစ်အစိုးရက နောက်တခါ အလားတူမုန်တိုင်းမျိုး ကြုံလာရင် မသေသင့်တာ မသေရလေအောင် ဘာတွေများ ပြည်သူတွေအတွက် သင်ခန်းစာယူပြီး ကြိုတင်ဆောင်ရွက်ပြင်ဆင်ခဲ့တာ ရှိပါသလဲ။ အခု ၂၀၁၅ မှာ ရေကြီးရေလွှမ်းပြန်တော့ မဆလစစ်အစိုးရ လက်ထက်ကအတိုင်း ဘာတခုမှ တိုးတက်မလာဘူး။ ဘယ်လာတိုးတက်မှာလဲ၊ လူလည်းမပြောင်းဘူး၊ စိတ်ဓာတ်တွေလည်းမပြင်၊ စာရိတ္တတွေလည်း ပုပ်မြဲပုပ်၊ နံမြဲနံနေတာ လူတိုင်းအမြင်ပဲဟာ။ နေပြည်တော်ဆိုတဲ့ မြို့တော်အသစ်ကို ပြည်သူတွေအတွက် မလိုအပ်ဘဲ ဘီလျံပေါင်းများစွာ အကုန်အကျခံ ဆောက်ခဲ့တဲ့အစိုးရ၊ တိုင်းပြည်ဘဏ္ဍာအများစုကို တိုင်းရင်းသားညီအစ်ကို အချင်းချင်း သတ်တဲ့ ပြည်တွင်းစစ်ပွဲအတွက် စစ်စရိတ်ကြီးမားစွာ သုံးစွဲခဲ့တဲ့ စစ်တပိုင်းအစိုးရဟာ ပြည်သူတွေ အခုလို မုန်တိုင်းသင့်ခံရ၊ ရေဘေးသင့်ခံရရင် အသက်ကယ်ဆယ်ဖို့ နိုင်ငံတကာ အဆင့်မီ ရဟတ်ယာဉ်လေးတစင်း ၀ယ်ဖို့တောင် မသုံးစွဲခဲ့ဘူးမဟုတ်လား။ ဒီဆောင်းပါးကို အဆုံးသတ်ရရင် တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားအတွက်ဆိုရင် ခေါင်းထဲမှာကို ထည့်မစဉ်းစားတတ်တဲ့ စေတနာမဲ့သူတွေ၊ သီလပျက်နေသူတွေ၊ စာရိတ္တဖောက်ပြန်နေသူတွေ၊ မြန်မာနိုင်ငံကို အုပ်ချုပ်ချယ်လှယ်ခွင့် ရနေသရွေ့၊ စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ နောင်မှာလည်း အခုလို ရေဘေးကပ်ဆိုးကြီးတွေ၊ မီးဘေး၊ သဘာဝဘေးအန္တရာယ် အမျိုးမျိုးနဲ့ ကြုံလာတိုင်း အမြဲတမ်း ခေါင်းငုံ့လည်စင်း ခံရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သဘောပေါက်ဖို့ လိုပါတယ်။ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ အများပြည်သူအုပ်စိုးခွင့်ကို အပြည့်အ၀ အကောင်အထည်ဖော်မယ့် အုပ်ချုပ်ရေးစနစ်တရပ် မုချရှိမှသာ၊ စေတနာမှန်ပြီး အရည်အချင်းပြည့်ဝတဲ့ အစိုးရတရပ်ရှိမှသာ အထက်ပါ ကပ်ဘေးကြီးများနဲ့ ကြုံတွေ့တဲ့အခါ ပြည်သူလူထုကို ထိရောက်စွာ ကယ်တင်စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူများအနေနဲ့ လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာ တိုင်းသူပြည်သားကို ရင်ဝယ်သားလို ချစ်ခင်စောင့်ရှောက်တတ်တဲ့ အစိုးရတရပ် အမှန်တကယ် အာဏာရလာဖို့ မိမိအသည်းကြားက မဲတပြားကိုတော့ လက်ရှိအစိုးရနဲ့ အပေါင်းအပါတွေ၊ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ အဆွယ်အပွား ပါတီတွေကိုတော့ ယောင်လို့မှ မဲမထည့်မိစေဖို့ မေတ္တာရပ်ခံ နှိုးဆော်လိုက်ရပါကြောင်း။ မင်းကောင်းချစ် သြဂုတ်လ (၂၅) ရက်၊ ၂၀၁၅ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024