A d v e r t i s e m e n t With Us

မြေနုကျွန်း​ခွဲ​ဝေ​ရေး​ကိစ္စ ​ဆောင်ရွက်​ပေး​ရန် ပဲခူး​က လယ်သမား​များ​ ​တောင်း​ဆို

တောင်ပိုင်း​တိုင်း​ စစ်တိုင်း​မှူး​ဘဝတုန်း​က မပြီး​ပြတ်​သေး​တဲ့​ ​မြေနုကျွန်း​ခွဲ​ဝေ​ရေး​ ကိစ္စကို ဆက်လက် ​ဆောင်ရွက်​ပေး​ဖို့​ ​မြေယာမဲ့​ ၆၃ ဦး​က ဇွန်လ ၁၂ ရက်​နေ့​မှာ ပြည်ထဲ​ရေး​ဝန်ကြီး​ ဗိုလ်ချုပ်ကိုကို ဆီကို စာပို့​ ​တောင်း​ဆိုလိုက်ကြပါတယ်။ လွန်ခဲ့​တဲ့​ ၄ နှစ် တိုင်း​မှူး​ဘဝမှာ ဗိုလ်ချုပ်ကိုကိုက စစ်​တောင်း​မြစ်ထဲက ​မြေနုကျွန်း​တွေကို ပဲခူး​တိုင်း​၊​ ​ဝေါမြို့​နယ် စပ်စု​ကျေး​ရွာက လယ်သမား​ ၆၃ ဦး​ကို တဦး​ကို နှစ်ဧကနှုန်း​ ခွဲ​ဝေ​ပေး​ဖို့​ တိုင်း​လက်​အောက်ခံ ခရိုင်နဲ့​ မြို့​နယ်၊​ ​ကျေး​ရွာ အဆင့်​ဆင့်​ကို ညွှန်ကြား​ခဲ​ပေမယ့်​ အခုအချိန်အထိ မရ​သေး​တာ​ကြောင့်​ အခုလို စု​ပေါင်း​ လက်မှတ်ထိုး​ပြီး​ အ​ကြောင်း​ကြား​ လိုက်ကြတာပါ။ လက်မှတ်ထိုး​သူ ၆၃ ဦး​ထဲက တဦး​က “ကျ​နော်တို့​ ၂၀၀၇ ခုနှစ်က ​ဝေါမြို့​နယ် မယကမှာ ​လျှောက်ထား​ပေမယ့်​ မလုပ်​ပေး​တဲ့​အတွက် တိုင်း​မှူး​က အမှန်အကန်​တွေ လုပ်​ပေး​နေတယ်လို့​ ကြား​တော့​ တိုင်း​မှူး​ကို အား​ကိုး​ပြီး​ ပြန်​လျှောက်လိုက်တာပါ။”လို့​ ​ပြောပါတယ်။ စစ်​တောင်း​မြစ်ထဲမှာ ​မြေနုကျွန်း​တွေဟာ နှစ်စဉ် ဧကရာချီ​ပေါ်ထွန်း​တတ်ပြီး​၊​ ​ဒေသခံ​မြေယာမဲ့​တွေအ​နေနဲ့​ ​မြေနုကျွန်း​ပေါ်မှာ ထွန်ရက်စိုက်ပျိုး​လုပ်ကိုင်ခွင့်​ကို ဥပ​ဒေအတိုင်း​ ​လျှောက်ထား​ ပိုင်ဆိုင်ခွင့်​ရှိလည်း​ သိရပါတယ်။ ဒီလို​လျှောက်ထား​ပိုင်ခွင့်​နဲ့​ ပတ်သက်လို့​ ၆၃ ဦး​အမှုကို လိုက်ပါ ကူညီ​ပေး​နေသူတဦး​က အခုလို​ပြောပါတယ်။ “​မြေနုခွဲ​ဝေ​ရေး​နဲ့​ ပတ်သက်ပြီး​တော့​ ​နောက်ထပ် အထူး​ညွှန်ကြား​ချက်က ​မြေနုကိစ္စများ​နှင့်​ပတ်သက်ပြီး​ ခွဲ​ဝေ​ပေး​ရာတွင် ​ကျေး​ရွာ​မြေယာ​ကော်မတီ၏ သ​ဘောထား​နှင့်​သာ ​ဆောင်ရွက်ခွင့်​မရှိ၊​ သက်ဆိုင်ရာတိုင်း​သို့​ တင်ပြပြီး​မှသာ ​ပေး​ဝေခွင့်​ရှိသည်။ ​ကျေး​ရွာစည်း​လုံး​ညီညွတ်မှု မပျက်ပြား​ရေး​ကို ဦး​စား​ပေး​ ​ဆောင်ရွက်ရမည်။” ဒါ​ပေမယ့်​ ၂၀၀၇ ခုနှစ်တုန်း​က ဖြစ်စဉ်မှာ တိုင်း​မှူး​က ​မြေနုကျွန်း​ ဧက (၇၀) ​ကျော်ကို ​လျှောက်ထား​တဲ့​ (၆၃) ဦး​ကို ခွဲ​ဝေ​ပေး​ဖို့​ ညွှန်ကြား​ပေမယ့်​ လက်​တွေ့​မှာ မရခဲ့​ကြတာပါ။ “ဗိုလ်ချုပ်ကိုကို ထုတ်​ပေး​လိုက်တဲ့​အမန့်​စာကို...၊​ ကျ​နော်တို့​ စပ်စု​ကျေး​ရွာမှာ လယ်ယာမဲ့​ ၆၃ ဦး​ကို ​ခေါ်ပြီး​တော့​ ၇၁.၈၈ ဧက ကို ​ဝေပြီး​ပါပြီလို့​ သူတို့​ တိုင်း​ကို လိမ်ပြီး​တော့​ တင်ထား​တယ်။ ကျ​နော်တို့​ကို လာ​ဝေတဲ့​အခါကျ​တော့​ ၃၅.၄၄ ဧက ​ဝေပါတယ်။ လာ​ဝေတဲ့​နေရာမှာလည်း​ လုပ်စား​လို့​မရတာက တဝက်​လောက် ပါပါတယ်။ အဲဒါ​ကြောင့်​ ကျ​နော်တို့​ မယူတဲ့​အခါကျ​တော့​ သူတို့​နဲ့​ ပတ်သက်တဲ့​ လူ​တွေကို တဧက ၂ သိန်း​နှုန်း​နဲ့​ ​ရောင်း​စား​လိုက်ပါတယ်။” ဒီအမှုနဲ့​ ပတ်သက်လို့​ ၂၀၁၀၊​ ​အောက်တိုဘာလကလည်း​ ခရိုင်ဥက္ကဋ္ဌ (ခယကဥက္ကဋ္ဌ)ရဲ့​ ညွှန်ကြား​ချက်နဲ့​ မြို့​နယ်အဆင့်​ စစ်​ဆေး​ရေး​အဖွဲ့​တဖွဲ့​၊​ ​ကျေး​ရွာအထိ ​ရောက်ခဲ့​ပေမယ့်​ မထူး​ခဲ့​ပါဘူး​။ အစိုး​ရသစ်လက်ထက်မှာ တိုင်း​မှူး​ဗိုလ်ချုပ်ကိုကို ကိုယ်တိုင်ပြည်ထဲ​ရေး​ဝန်ကြီး​ အဖြစ် ​ပြောင်း​လဲ တာဝန်ယူ​နေ​ပေမယ့်​၊​ ​ဝေါမြို့​နယ် ယခင် မယကနဲ့​ စပ်စုရွာ ရယက က​တော့​ နဂို​နေရာ​တွေမှာပဲ ဆက်ရှိ​နေကြသလို ​မြေနုကျွန်း​ခွဲ​ဝေ​ရေး​ကိစ္စကလည်း​ ဘာမှ ဆက်ထူး​ မလာပါဘူး​။ ဒါ​ကြောင့်​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ဟာ မြို့​နယ်အဆင့်​က အာဏာပိုင်​တွေနဲ့​ ​ပေါင်း​ပြီး​၊​ ဒီကိစ္စကို မရိုး​မသား​ လုပ်​နေတယ်လို့​ ၆၃ ဦး​အဖွဲ့​က ယူဆ​နေပါတယ်။ ဇွန်လ ၁၂ ရက်​နေ့​တုန်း​က ​ပေး​ပို့​ထား​တဲ့​ စာကိုက​တော့​ အရင်တိုင်း​မှူး​ဟောင်း​၊​ လက်ရှိပြည်ထဲ​ရေး​ဝန်ကြီး​ ဗိုလ်ချုပ်ကိုကို အပြင်၊​ ပဲခူး​တိုင်း​ဝန်ကြီး​ချုပ်၊​ ပဲခူး​တိုင်း​ အ​ထွေ​ထွေအုပ်ချုပ်​ရေး​ဦး​စီး​ဌာနတို့​ကိုလည်း​ မိတ္တူပို့​ထား​တယ်လို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up