စပိန်တွင် မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲ၊ ၃ ဦးသေဆုံး (ရုပ်သံ)

2.3K
စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ မီးရှူးမီးပန်းစက်ရုံ တရုံ သြဂုတ် ၃၁ ရက်နေ့က ပေါက်ကွဲရာမှာ လူ ၃ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်လို့ စပိန်မီဒီယာတွေက အစီရင်ခံပါတယ်။
ဇာရာဂိုဇာမြို့ အပြင်ဘက် လေဆိပ်နားမှာရှိတဲ့ စက်ရုံမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပြီး အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ရဲအဖွဲ့နဲ့ ဒေသအာဏာပိုင်တွေကို ကိုးကားပြီး သတင်းက ဖော်ပြပါတယ်။
ဗျောက်အိုးတွေနဲ့ မီးခြစ်တွေ ထုတ်လုပ်တဲ့ စက်ရုံမှာ ပေါက်ကွဲတဲ့အသံကို မြို့ရဲ့ နေရာတော်တော်များများကနေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
နိုင်ငံပိုင် ရုပ်သံလိုင်းကနေ ပြသတဲ့ သတင်းမှာ စက်ရုံကနေ မီးခိုးတွေ ထွက်နေပုံကို တွေ့ရပြီး သတင်းထုတ်လွှင့်တဲ့အချိန်မှာ ဆက်လက် ပေါက်ကွဲဆဲဖြစ်လို့ အကြောင်းရင်းကို စုံစမ်းလို့ မရနိုင်သေးဘူးလို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
စက်ရုံအနီးကို မသွားကြဖို့လည်း အဖွဲ့ရဲ့ တွစ်တာမှာ သတိပေးရေးသားထားပါတယ်။
စပိန်မှာ မီးရှူးမီးပန်းစက်ရုံတွေ ပေါက်ကွဲမှုကြောင့် ကျန်ခဲ့တဲ့ ၂၅ နှစ်အတွင်းမှာ လူပေါင်း ၁၁၀ အထိ သေဆုံးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။