ဘန်ကောက်ဗုံးခွဲမှု သံသယဖြင့် ဖမ်းဆီးခံရသူ စွပ်စွဲချက်များကို ငြင်းဆို

2.2K
ကျန်ခဲ့တဲ့ ၂ ပတ်နီးပါးက လူအယောက် ၂၀ သေဆုံးခဲ့ရတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုမှာ ပါဝင်တယ်လို့ သံသယရှိခံရတဲ့ နိုင်ငံခြားသားက တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှု အားလုံးကို ငြင်းလိုက်တယ်လို့ ထိုင်းရဲတွေက သြဂုတ် ၃၁ ရက်နေ့မှာ အစီရင်ခံပါတယ်။
သြဂုတ် ၁၇ ရက်နေ့ တိုက်ခိုက်မှုမှာ ပါဝင်နိုင်မှု ဖြစ်နိုင်ချေနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့စွန်က အထပ်မြင့် အဆောက်အဦကို ရဲနဲ့ စစ်တပ်က ဝင်ရောက် စစ်ဆေးခဲ့တာပါ။
သဲလွန်စအသစ်တွေ ရှာနိုင်ရေး မင်ဘူရီခရိုင်တွင်းက မွတ်စလင်ရပ်ကွက်မှာရှိတဲ့ လူနေတိုက်ခန်းတွဲ မီမူနာ ဥယျာဉ်အိမ်ရာထဲမှာ ငှားထားတဲ့ အခန်းတွေကို စစ်သားတွေနဲ့ အရာရှိတွေက စစ်ဆေးခဲ့ပါတယ်။
ထိုင်းဒု-ရဲချုပ် ချကရာသစ်ပ် ချိုင်ချင်းဒါကတော့ ဖမ်းဆီးခံ သံသယရှိသူဟာ ဘယ်နိုင်ငံသားဆိုတာ မသိရသေးဘဲ လူ ၁၂၀ ကျော် ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်မှုကို ဝန်ခံဖို့ ငြင်းနေတယ်လို့ ပြောတဲ့အကြောင်း ထိုင်းရုပ်သံ တီအန်အန် ချန်နယ်က ဆိုပါတယ်။
ဖမ်းဆီးခံရသူဟာ နိုင်ငံခြားသားတွေရော ထိုင်းတွေပါ ပါဝင်တဲ့ ပတ်စ်ပို့အတုလုပ်တဲ့ ဂိုဏ်းကဖြစ်ပြီး ရဲစီးနင်းမှုအတွက် လက်စားချေ တိုက်ခိုက်ခဲ့တယ်လို့လည်း အာဏာပိုင်တွေက ရှင်းပြပါတယ်။
စုံစမ်းစစ်ဆေးသူတွေကတော့ သံသယရှိသူဟာ ဗုံးခွဲသူတော့ မဟုတ်ပေမယ့် ပြင်ဆင်ရာမှာ ပါဝင်ပတ်သက်တယ်လို့ ယုံကြပါတယ်။
သူ ဘယ်နိုင်ငံသားလဲဆိုတာ ဖော်ထုတ်ဖို့ ရဲတွေက သံရုံးအတော်များများနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
ဗုံးခွဲမှုတွေ ပြီးကတည်းက ထိုင်းအာဏာပိုင်တွေဟာ ခရီးသွားလုပ်ငန်းကို ထိခိုက်မယ့်ဘေးကနေ ကာကွယ်ဖို့ နိုင်ငံတကာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုနဲ့ မပတ်သက်အောင် ကြိုးစားခဲ့ကြတာပါ။
ထိုင်းခရီးသွားလုပ်ငန်းဟာ နိုင်ငံ ပြည်တွင်းထုတ်ကုန် ဂျီဒီပီရဲ့ ၇ ရာခိုင်နှုန်း ရှိပါတယ်။
တိုက်ခိုက်မှုအပြီး တပတ်အတွင်း ခရီးသည် လာရောက်မှု ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ ဒီနှစ်အတွင်း ခရီးသွားလုပ်ငန်းဟာ ခရီးသည် အယောက်တသန်းနဲ့ လုပ်ငန်းက ပြန်ရငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၅ ဘီလီယံထိ ဆုံးရှုံးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။