အိုင်အက်စ် ပိုင်နက်အတွင်း သုံးစွဲမည့် ငွေကြေးအသစ် ပြသသည့် ရုပ်သံမှတ်တမ်း

အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) တွေက သူတို့ပိုင်တယ်လို့ ကြေညာထားတဲ့ ပိုင်နက်အတွင်း သုံးဖို့ ငွေကြေးအသစ်ကို ဖန်တီးခဲ့ပြီးပြီလို့ သူတို့ရဲ့မီဒီယာက ကြေညာလိုက်ပါတယ်။ ငွေကို သွန်းလုပ်နေတာနဲ့ လည်ပတ်သုံးစွဲနေတာလို့ ပြောထားတဲ့ ၁ နာရီစာပါတဲ့ ရုပ်သံမှတ်တမ်းပုံစံ ဗွီဒီယိုကလစ်ကို အယ်လ်ဟာယတ်မီဒီယာက ဖြန့်ချိခဲ့တာပါ။ အင်္ဂလိပ်လို ပြောထားတဲ့ ရုပ်သံက ရွှေဒင်္ဂါး ဒီနာ၊ ငွေဒင်္ဂါး ဒါဟမ်နဲ့ ကြေးပြား ဖူးလပ်စ်တို့ဟာ အမေရိကန်နဲ့ သူတို့ရဲ့ ဘဏ္ဍာရေးစနစ်ကို ထိုးနှက်မယ်လို့ ပြောထားပါတယ်။ ဒင်္ဂါးတွေပေါ်မှာတော့ အိုစမာ ဘင်လာဒင်၊ အဘူဘာခါ အယ်လ် ဘာဂါဒါဒီနဲ့ အိုင်အက်စ် စစ်သွေးကြွတွေ သဲကန္တာရထဲမှာ မြင်းစီးရင်း အိုင်အက်စ်အလံနက်ကို ကိုင်စွဲထားပုံကို သွန်းလုပ်ထားပါတယ်။ ဒါပေမယ့် ဝါဒဖြန့်ရုပ်သံဟာ ဒီဒင်္ဂါးတွေကို ဘယ်မှာ သွန်းလုပ်တယ်ဆိုတာနဲ့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံက သူတို့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ပိုင်နက်တွေအတွင်း ဒီဒင်္ဂါးတွေကို ဘယ်လို အစားထိုး သုံးနေတယ်ဆိုတာ ကြေညာမှု မရှိပါဘူး။ အိုင်အက်စ်အဖွဲ့က ရေနံကို ရွှေနဲ့ပဲ ရောင်းမယ်လို့ ပြောထားပါတယ်။ အိုင်အက်စ်စစ်သွေးကြွတွေဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံက နယ်မြေအများအပြားကို သိမ်းပိုက်ထားပြီး အနောက်နိုင်ငံသား အကျဉ်းသားတွေကို ခေါင်းဖြတ်တာ၊ ဆွန်နီမွတ်စလင် မဟုတ်သူတွေ အများအပြားကို သတ်တာတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် အရှေ့အလယ်ပိုင်းရဲ့ ဗဟိုချက်မနေရာမှာ ဘာသာရေးဆရာက ရှာရီယားဥပဒေနဲ့ အုပ်ချုပ်တဲ့ ကာလီဖိတ်နိုင်ငံကို တည်ထောင်တယ်လို့ ကြေညာပါတယ်။ အမေရိကန်နဲ့ မဟာမိတ်တွေက အီရတ်နဲ့ ဆီးရီးယားက အိုင်အက်စ်စစ်သွေးကြွတွေကို ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ လုပ်ခဲ့တယ်လို့ ပူးတွဲတပ်က သြဂုတ် ၃၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

More News
Up