ဆီးရီးယား ရှေးဟောင်းဘုရားကျောင်းကို အိုင်အက်စ် ဖျက်ဆီး (ရုပ်သံ)

3.2K
အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အကြမ်းဖက်အဖွဲ့က ဆီးရီးယားနိုင်ငံ ပါလ်မိုင်ရာမြို့ရှိ ရှေးဟောင်း ဘုရားကျောင်းတခုကို ဖျက်ဆီးလိုက်တယ်လို့ ပဋိပက္ခ စောင့်ကြည့်ရေးအဖွဲ့က သြဂုတ် ၃၀ ရက်နေ့မှာ ပြောပါတယ်။
ကန္တာရလယ်ခေါင်ထဲက ဘဲလ်မြို့မှာရှိတဲ့ ရောမခေတ်ပုံစံ ဘုရားကျောင်းကို ဖျက်ဆီးလိုက်တာလို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
ပါလ်မိုင်ရာမြို့ဟောင်းထဲမှာ ဘုရားကျောင်းကို ဖျက်ဆီးတာဟာ ဒီလထဲမှာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
အရင်တပတ်ကလည်း ပါလ်မိုင်ရာမြို့ထဲက ဘာရှမင် ဝတ်ကျောင်းတော်ကို အိုင်အက်စ်တွေ ဖျက်ဆီးခဲ့ပါတယ်။
သြဂုတ် ၂၅ ရက်နေ့က ဘဲလ် ရှာမင်း ဘုရားကျောင်းကို ဖောက်ခွဲ ဖျက်ဆီးခဲ့တာဖြစ်ပြီး ဒီလိုအပြုအမူဟာ စစ်ရာဇ၀တ်မှု မြောက်တယ်လို့ ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့က အပြစ်တင်လိုက်ပါတယ်။
ဘယ်အတိုင်းအတာအထိ ပျက်စီးသွားသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အကြမ်းဖက်အဖွဲ့ဟာ ပါလ်မိုင်ရာမြို့ကို မေလမှာ သိမ်းခဲ့ပြီး ရှေးဟောင်း အမွေအနှစ်တွေကို ဖျက်ဆီးတာ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်တာတွေကို ဆက်တိုက် ကျူးလွန်ခဲ့ပါတယ်။
ဒီလထဲမှာ ပါလ်မိုင်ရာမြို့မှာရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေကို နှစ်ပေါင်း ၄၀ ကြာ ထိန်းသိမ်းစောင့်ရှောက်လာတဲ့ ဆီးရီးယား ဗိသုကာပညာရှင်တယောက်ကို ခေါင်းဖြတ်သတ်ပြီး အလောင်းကိုလည်း လူမြင်ကွင်းမှာ ချိတ်ဆွဲထားခဲ့တယ်လို့ ဆီးရီးယား ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ အကြီးအကဲက ပြောပါတယ်။