Home
ဆောင်းပါး
တရုတ်နိုင်ငံငွေကြေးဈေးကွက် ပျက်ကပ်နဲ့ သက်ရောက်မှု
DVB
·
August 31, 2015
နှစ်ပါင်းအတော်ကြာ အပြင်းအထန် ချဲ့ထွင်တိုးချဲ့မှုတွေ ပြီးတဲ့အချိန်မှာတော့ တရုတ်နိုင်ငံဟာ အရှိန်လျော့ကျ ငြိမ်တန့်လာခဲ့ပါတယ်။ နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုဟာ ၂၀၀၉ ခုနှစ်ကစပြီး သူ့ရဲ့ အနိမ့်ကျဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေက ဘေဂျင်း အာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ တရားဝင်ကိန်းဂဏန်းတွေကို မလိမ့်တပတ် လုပ်ကောင်းလုပ်လာနိုင်တဲ့အတွက် ပိုပြီးတော့တောင် ဆိုးဝါးလာနိုင်စရာ ရှိတယ်လို့ ယုံကြည်လာခဲ့ကြပါတယ်။ ခုချိန်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ဖြစ်တဲ့အတွက် တခြားနိုင်ငံတွေက အမေရိကန်နိုင်ငံ အပါအ၀င် တခြား အဓိကစီးပွားရေးနိုင်ငံတွေကိုပါ သူနဲ့အတူ ဆွဲချသွားလေမလားလို့ စိုးရိမ်ကြောက်လန့်မှုတွေ ရှိလာကြပါတယ်။ ကမ္ဘာ့စီးပွားရေး နှေးကွေးမှုဟာ ခုချိန်မှာ ဘယ်လောက်ဖြစ်လာနေပြီး အစိုးရတွေအနေနဲ့ ခုန်ပျံတာထွက် စီးပွားရေး လှုပ်ရှားလုပ်ဆောင်ဖို့ လက်နက်အဖြစ် အသုံးချစရာတွေ ဘယ်လောက်နည်းပါးနေပြီလဲ ဆိုတာက စိုးရွံ့စရာ ဖြစ်နေပါတယ်။ အမေရိပရိုက်စ် ဖိုင်နင်ရှယ်လ်ရဲ့ ဦးစီး ဈေးကွက်မဟာဗျူဟာပညာရှင် ဒေးဗစ် ဂျွိုင်းကတော့ “ကျနော်တို့က ကျနော်တို့ရနိုင်သမျှ တိုးတက်မှုကိုရဖို့ လိုအပ်ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေးမှုက အထောက်အပံ့ဖြစ်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ ကမ္ဘာတ၀ှမ်းက ရင်းနှီးမြှုပ်နှံသူတွေကတော့ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လဆန်းပိုင်းက တရုတ်နိုင်ငံ စတော့ခ်ဈေးကွက်ပြိုပျက်ပြီး ရေနံ၊ ရွှေနဲ့ ကြေးနီ ဈေးနှုန်းတွေ ထိုးကျလာတဲ့အချိန်မှာ အထူးသတိထားနေခဲ့ကြပါတယ်။ တရုတ်အစိုးရက အင်နဲ့အားနဲ့ ကြားဝင်ဆောင်ရွက်မှုတွေ လုပ်အပြီး သီတင်းပတ် အနည်းအကျဉ်းလောက် တရုတ်ရှယ်ယာတန်ဖိုးတွေ ပြန်ပြီး တည်ငြိမ်သွားခဲ့ပေမယ့် တနင်္လာနေ့မှာတော့ စတော့ခ်ဈေး ၈ ဒသမ ၅ ရာခိုင်နှုန်း ပြန်ကျဆင်းပြီး အရှုံးပြန်ပြလာခဲ့ပါတယ်။ ဇွန်လလယ်ပိုင်းကစပြီး တရုတ်ကုမ္ပဏီတွေရဲ့ ရှယ်ယာဈေးတွေ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး အဲဒီပမာဏဟာ သီတင်းပတ် အနည်းအကျဉ်းလောက်အတွင်း စတော့ဈေးကွက်ထဲကနေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ထရီလီယံ ၀န်းကျင်လောက်ရှိတဲ့ ငွေကြေးတွေ ဆုံးပါးသွားတာပဲ ဖြစ်ပါတယ်။ ဒီလောက်များပြားတဲ့ ငွေကြေးပမာဏအတွက် နားလည်ဖို့ အတော်ခက်ခဲပါတယ်။ ဒါပေမယ့် ဒီကိန်းဂဏန်းပမာဏဟာ ၂၀၁၃ ခုနှစ်က ၂ ဒသမ ၇ ထရီလီယံ ဒေါ်လာလောက်ပဲ ရှိခဲ့တဲ့ ယူနိုက်တက် ကင်းဒမ်းနိုင်ငံရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုးထက် ပိုပြီးများပြားနေပါတယ်။ လပေါင်းအတော်ကြာ ခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိခဲ့အပြီးမှာတော့ ဈေးနှုန်းတွေ ရုတ်တရက်ထိုးကျတာ တွေ့ရပါတယ်။ မနှစ် နိုဝင်ဘာလကတည်းက တရုတ် စတော့ခ်တွေဟာ အများစု ချေးငွေတွေကို အသုံးပြုပြီး စတော့ခ်ဈေးကို ကစားလာကြတဲ့ အသေးစား ရင်းနှီးမြှုပ်နှံသူတွေကြောင့် တရုတ်စတော့ခ်တွေ ၂ ဆကျော်လောက် ဖြစ်လာခဲ့ပါတယ်။ တရုတ်အစိုးရရဲ့ တုံ့ပြန်မှုဟာ အဲဒီ ရောင်းချမှုအတွက် တစိတ်တပိုင်း တာဝန်ရှိနိုင်လောက်တယ်လို့ စိုးရိမ်စိတ်တွေလည်း ရှိနေပါတယ်။ ဒီငွေကြေးပျက်ကပ်ကို ကာကွယ်ဖို့ အစိုးရက ပွဲစားကုမ္ပဏီတွေကို ရှယ်ယာတွေ ဆက်ဝယ်ဖို့၊ ရှယ်ယာသစ်တွေ ကမ်းလှမ်းလာတာကို ဆိုင်းငံ့ထားဖို့နဲ့ လူတွေကို ရှယ်ယာတွေ မရောင်းချအောင် တားထားဖို့ သူတို့ရဲ့ အကြီးစားတုံ့ပြန်မှုတွေနဲ့ အမိန့်ပေး လုပ်ဆောင်တာမျိုးဟာ အစိုးရက မရည်ရွယ်ဘဲနဲ့ မကျွမ်းကျင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဈေးကွက်မှာတော့ မှားနေပြီ၊ ကိုယ့်ငွေကိုယ်ယူပြီး ပြေးကြရမယ့်အချိန်လို့ အချက်ပြလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ဘီဘီစီ သတင်းဌာနရဲ့ အဆိုအရ တရုတ်စတော့ခ်ဈေးကွက်ရဲ့ ရင်နှီးမြှုပ်နှံသူ ၈၀ ရာခိုင်နှုန်းဟာ စတော့ခ်ဈေးကွက်ကနေ ငွေကြေးအနည်းအပါးလောက် ရဖို့ပဲ ၀င်ရောက်လာကြတဲ့ အသေးစား ရင်းနှီးမြှုပ်နှံသူတွေသာ ဖြစ်ကြပါတယ်။ မနှစ်က တရုတ်အစိုးရက ဈေးကွက်ကို မြှင့်တင်ပေးဖို့ အားထုတ်မှုတခုအနေနဲ့ သူ့ရဲ့မီဒီယာတွေကနေ သူ့နိုင်ငံသားတွေကို စတော့ခ်တွေ ပိုပြီးဝယ်ယူကြဖို့ အားပေးတိုက်တွန်းခဲ့ဖူးပါတယ်။ စီမံချက်က အကျိုးသက်ရောက်မှု ရှိတယ်လို့ ထင်ရပေမယ့် အခုတော့ ဈေးကွက်အတွက် ပိုပြီးတော့တောင် ပြဿ နာတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။ တချို့ဝေဖန်သုံးသပ်သူတွေကတော့ အုပ်ဖွဲ့မှုစိတ်ဓာတ်နဲ့ လူတွေရဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မိသားစုတွေက စပြီး ထုတ်ရောင်းကြမယ်ဆိုရင် ဈေးကွက်ထဲကနေ အစုအပြုံလိုက စပြီးထွက်ခွာနေကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေရှိနေတဲ့ အခြေအနေမှာ ဆင့်ကဲပြိုလဲမှုမျိုး သိပ်မဖြစ်နိုင်ဘူးဆိုတဲ့ အခြေခံပေါ်မှာ ရင်းနှီးမြှုပ်နှံသူတွေက ဆုံးဖြတ်လုပ်ဆောင်လာမှာကို စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ အထက်မှာတင်ပြခဲ့သလို တရုတ်ရင်းနှီးမြှုပ်နှံသူ အများစုဟာ စတော့ခ် အနည်းအပါးလောက်ဝယ်ပြီး ဈေးကွက်ထဲက အမြတ်အစွန်း နည်းနည်းပဲရဖို့ပဲ ရည်ရွယ်တာပါ။ စတော့ခ်ဈေးကွက် အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်လာနေတဲ့ အချိန်တုန်းက အစိုးရနဲ့ အမျိုးသား ဘဏ္ဍာရေးလုပ်ငန်းအတွက် ဂုဏ်ယူစရာ အကြောင်းရင်းတခုဖြစ်ခဲ့ပြီး အဲဒါဟာ အခုချရောင်းနေကြတဲ့ ဖြစ်ရပ်မှာ အခန်းကဏ္ဍတခုအနေနဲ့ ပါဝင်နေပါတယ်။ ရင်းနှီးမြှုပ်နှံသူ အများစုကတော့ အတော်လေး တိုတောင်းတဲ့ အချိန်အတောအတွင်းမှာ သူတို့ရဲ့ရှယ်ယာတွေ ဈေးထိုးတက်သွားပြီး ဈေးကွက်ထဲမှာ အခက်အခဲ စတွေ့လာတဲ့အချိန်မှာ သူတို့က ငွေတွေကို ပြန်ရယူပြီး ဈေးကွက်က ထွက်သွားနိုင်ကြတဲ့အတွက် ပျော်ရွှင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ခုတခါ ထပ်ပြီး ရင်းနှီးမြှုပ်နှံသူတွေက ဒီလိုထပ်လုပ်လာကြတဲ့အတွက် စတော့ခ်ဈေးကွက်ဟာ စပြီး ပြိုလဲလာခဲ့ပြီး သက်ရောက်မှုကတော့ ပိုပြီးကြီးမားလာခဲ့ပါတယ်။ တရုတ်နိုင်ငံ အစုရှယ်ယာ ငွေကြေးစာချုပ် စည်းမျဉ်းထိန်းသိမ်းရေး ကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက် တခုမှတော့ “အခုအချိန်မှာ ဈေးကွက်ထဲမှာ ထိတ်လန့်စိုးရိမ်မှု ရှိနေပြီး ရှယ်ယာတွေကို ကြောင်းကျိုးတကျမရှိဘဲ စွန့်လွှတ်ရောင်းချတာတွေ တိုးများလာနေတဲ့အတွက် စတော့ခ်ဈေးကွက်မှာ အဲဒီငွေပေါ်လုပ်ရပ်ရဲ့ ၀န်ပိမှုတွေ ဖြစ်လာခဲ့တာပါ” လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ စည်းမျဉ်းစည်းကမ်း  ထိန်းသိမ်းသူတွေက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ကြပေမယ့် တရုတ်စတော့ခ် ဈေးကွက်ကတော့ ဆက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကို မတည်မငြိမ်ဖြစ်နေပြီး ကုမ္ပဏီ တော်တော်များများက သူတို့ရဲ့ရှယ်ယာတွေကို ဆိုင်းငံ့ထားလိုက်ပြီး ဖြစ်နေတဲ့ စိုးရိမ်ပူပန်မှုတွေကြားမှာ ရောင်းဝယ်ဖောက်ကားမှုကို တားဆီးကာကွယ်ထားခဲ့ကြပါတယ်။  လောလောဆယ် နိုင်ငံထဲမှာ ရှယ်ယာအရောင်းအ၀ယ် လုပ်နေကြတဲ့ ကုမ္ပဏီ ၂၈၀၀ ထဲက ၁၄၀၀ လောက်ဟာ ပျက်စီးဆုံးရှုံးမှာကို ရှောင်ရှားနိုင်ဖို့ သူတို့ရဲ့ ရှယ်ယာတွေကို သိမ်းဆည်းထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တရုတ်ဟာ သူ့ရဲ့ငွေကြေးပျက်ကပ်ကို တည်ငြိမ်ပြေအေးသွားအောင် မလုပ်နိုင်ဘူးဆိုရင်တော့ လပေါင်းအတော်ကြာ  အကြီးအကျယ် ဖွံ့ဖြိုးမြင့်တက်မှုအပြီးမှာ အရေးကြီးတဲ့ ကျဆင်းပျက်စီးမှုနဲ့ ကြုံရဖို့ ရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ ငွေကြေးပျက်ကပ်ရဲ့ ရိုက်ခတ်မှုဟာ သူ့တနိုင်ငံတည်းမှာသာ သက်ရောက်မှုရှိတာ မဟုတ်ဘဲ အမေရိကန် စတော့ခ်ဒိုင်မှာလည်း သြဂုတ်လ ၂၁ ရက်နေ့မှာ ဒေါဂျုံးဟာ ပျမ်းမျှ  ၅၃၀ ပွိုင့် ကျဆင်းသွားခဲ့သလို ရေနံဈေးနှုန်းကလည်း ငွေကြေးပျက်ကပ် ပထမဆုံးစဖြစ်တဲ့ အချိန်ကတည်းက တစည်ကို ဒေါ်လာ ၄၀ အောက်အထိ ကျဆင်းသွားခဲ့ပါတယ်။ တကယ်လို့ တရုတ်စတော့ခ်ဈေးကွက် သက်သက်ပဲ ဆုံးရှုံးပျက်စီးသွားမယ်ဆိုရင်တော့ တခြား ကမ္ဘာ့နိုင်ငံတွေအတွက် စိုးရိမ်စရာ နည်းနည်းပဲရှိမှာပါ။ ဒါပေမယ့် ဒီဆုံးရှုံးပျက်စီးမှုဟာ အစိုးရက အဲဒီဈေးကွက်ထဲက ဖန်တီးထားတဲ့ ဆက်စပ်မှုအားလုံးကနေ လှိုင်းဂရက်သက်ရောက်မှု ဖြစ်လာပြီး အိမ်ခြံမြေဈေးကွက်၊ အငြိမ်းစားရန်ပုံငွေနဲ့ ဘဏ်လုပ်ငန်းတွေကိုပါ သက်ရောက်မှု ရှိလာမယ် ဆိုရင်တော့ ကမ္ဘာတ၀ှမ်း အတိုင်းအတာအထိ စိုးရိမ်ပူပန်စရာ ဖြစ်လာပါလိမ့်မယ်။ တရုတ်နိုင်ငံဟာ ဂျပန်၊ ဂျာမနီနဲ့ ယူနိုက်တက်ကင်းဒမ်းနိုင်ငံတွေရဲ့ စီးပွားရေးနဲ့ အမေရိကန်ပြည်ထောင်စုပြင်ပ နိုင်ငံတိုင်းရဲ့ စီးပွားရေးထက် ပိုပြီးကြီးမားပြီး ဒီကနေ့အချိန်မှာ အမေရိကန် ကုမ္ပဏီ အတော်များများဟာ တရုတ်နိုင်ငံမှာ ထဲထဲဝင်ဝင် သွားရောက်ရင်းနှီးမြှုပ်နှံနေကြပြီး ဖြစ်တဲ့အတွက် တရုတ်စီးပွားရေးရဲ့ ရိုက်ခတ်ချက်ရဲ့ သက်ရောက်မှုကိုတော့ မလွှဲမရှောင်သာ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ တရုတ်ပြည်နဲ့ မိုင်ပေါင်း ၇၅၀၀ လောက် ကွာလှန်းပြီး ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ငွေကြေးစီးပွားရေးကိုတောင်မှ တရုတ်နိုင်ငံရဲ့ ငွေကြေးပျက်ကပ်ရဲ့ သက်ရောက်မှုကို တွေ့ကြုံခံစားရနိုင်တဲ့အတွက် တရုတ်နိုင်ငံနဲ့ ကုန်သွယ်စီးပွားအရ ချိတ်ဆက်ဆောင်ရွက်နေကြတဲ့ အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာလည်း ရိုက်ခတ်သက်ရောက်မှုတွေ ရှိလာမှာပဲ ဆိုတာကတော့ သေချာနေတဲ့အချက်ပါ။ ရေတိုအရနဲ့ ချွင်းချက်အရ အကျိုးသက်ရောက်မှုကောင်း တချို့လည်း ရှိနိုင်ပေမယ့် တရုတ်နိုင်ငံရဲ့ ငွေကြေးပျက်ကပ်ကို  အချိန်မီ ပြန်ပြီး မထိန်းမတ်နိုင်ဘူးဆိုရင်တော့ ကမ္ဘာ့နိုင်ငံ အများစုမှာ ဆိုးကျိုးသက်ရောက်မှုတွေ ကြုံတွေ့ရမှာ အမှန်ပဲဖြစ်ပါတယ်။ တရုတ်အစိုးရကတော့ အားလုံးထိန်းချုပ် အစိုးရဖြစ်ပြီး သဘာဝကိုတောင် သူ့အတိုင်း လည်ပတ်တာကို ခွင့်မပြုတတ်တဲ့အတွက် သူ့ရဲ့ မြင့်မြင့်မားမား အောင်မြင်နေတဲ့ ဈေးကွက် ပြန်လျှောကျ ပျက်စီးမှာကိုတော့ လက်သင့်ခံလိမ့်မယ် မဟုတ်ပါဘူး။ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားအားထုတ်မှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို လျှောကျ ပြိုလဲမှာကို တရုတ်အစိုးရက အတင်းပိတ်ပင် တွန်းထိုး ထိန်းသိမ်းထူမတ်မှုမျိုးတွေကို ၀င်ပြီး လုပ်ဆောင်လာမယ်ဆိုရင်လည်း ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေအတွက် စိုးရိမ်ကြောင့်ကျစရာ ဖြစ်လာစရာ ရှိလာလိမ့်မယ် ဖြစ်တဲ့အကြောင်း  ။      ။ စိုးနေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024