ဘန်ကောက် ပေါက်ကွဲမှု နောက်ထပ် မသင်္ကာသူ နိုင်ငံခြားသား ၃ ဦးကို ဖမ်းဝရမ်းထုတ်

ဓာတ်ပုံ - ရိုက်တာ
ထိုင်းနိုင်ငံ ဘန်ကောက်က နေရာ ၂ ခုမှာ ပြီးခဲ့တဲ့ အပတ်က ပေါက်ကွဲမှု ၂ ကြိမ် ဆက်တိုက် ဖြစ်ပွားပြီးတဲ့နောက်  ထိုင်းရဲတပ်ဖွဲ့က ကျူးလွန်သူ တရားခံကို အပူတပြင်း လိုက်လံရှာဖွေနေရာ မှာ နောက်ထပ် နိုင်ငံခြားသား ၃ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ အဲဒီနိုင်ငံခြားသား ၃ ဦးဟာ စနေနေ့က ရဲတပ်ဖွဲက ၀င်ရောက်စီးနင်းပြီး နိုင်ငံခြားသား တယောက်ကို အရင်ဖမ်းမိထားတဲ့ နောင်ကျောက်ရပ်ကွက်  ကထုမ့်လိုင်းနယ်မြေ ချိမ့်ဖမ်ဖန်း လမ်းသွယ် ၁၁ က ဖူးလ်အနန် တိုက်ခန်းတွဲမှာ ငှားရမ်းနေထိုင်သူတွေလို့ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေရဲ့အပြောကို ကိုးကားပြီး သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။ အဆိုပါ တိုက်ခန်းတွဲက အခန်းပေါင်း  ၃ ခန်းမှာ ခဲယမ်းမီးကျောက်နဲ့ ဖောက်ခွဲရေးပစ္စည်း ကရိယာတွေ ဖမ်းဆီးရမိခဲ့ပြီးတဲ့နောက် စီစီကင်မရာ ကနေ တွေ့ရှိတဲ့ အခန်းအမှတ် ၄၁၂ နဲ့ ၄၁၄ မှာ ငှားရမ်းနေထိုင်သူ ၃ ဦးကို  ပေါက်ကွဲစေတဲ့ ပစ္စည်းများ ထုတ်လုပ်မှု၊ တရားမ၀င် ခဲယမ်းမီးကျောက်များ လက်ဝယ်ထားရှိမှုတွေနဲ့ မင်ဘူရီမြို့နယ် တရားရုံးကနေ ဖမ်းဝရမ်း ထုတ်လိုက်တာလို့ အထူးစုံစမ်းစစ်ဆေးရေး ရဲအရာရှိတဦးမှ သတင်းထောက်တွေကို ပြောပါတယ်။ ဒီ ဖောက်ခွဲရေးပစ္စည်းတွေကို အဖွဲ့လိုက်လုပ်တာဖြစ်ပြီး အဲဒီအဖွဲ့ထဲမှာလည်း အနည်းဆုံး လူ ၆ ဦးလောက်ရှိမယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။ သူတို့အဖွဲ့ဝင်တွေဟာ မင်ဘူရီမြို့နယ်  ရာ့ဆတွန်းဥထစ်နယ်မြေက တိုက်ခန်းမှာလည်း သွားရောက်ငှားရမ်းနေထိုင်တယ်လို့  အဖမ်းခံထားရသူက ပြောတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက သြဂုတ် ၃၀ ရက်နေ့က အဲဒီတိုက်ခန်းတွေကို ၀င်ရောက်စစ်ဆေးရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် အခန်းတခုမှာ ယူရစ်အက်ဆစ်နဲ့ ဓာတ်မြေသြဇာအိတ်ကိုဘဲတွေ့ရှိပြီး  ကျန်တဲ့ အခန်းပိုင်ရှင်တချို့မှာ သော့ခတ်ထားတဲ့အတွက် ၀င်ရောက်စစ်ဆေးလို့ မရသေးပါဘူး။ သြဂုတ်လ ၂၉ ရက်နေ့က ဖမ်းထားတဲ့ အသက် ၂၈ ရွယ်ရှိ နိုင်ငံခြားသားတဦးကိုလည်း   အမှတ် ၁၁  ကြည်းတပ် စစ်ဌာနချုပ်မှာ ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး ကနေ့ထိ ၀န်ခံခြင်းမရှိသလို ဘာသာစကားအခက်အခဲလည်းရှိနေတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ နိုင်ငံကူးလက်မှတ်မှာ သူဟာ တူရကီနိုင်ငံသားလို့ဖော်ပြထားပေမယ့် နိုင်ငံကူးလက်မှတ်က အတုဖြစ်နေတဲ့အတွက် သူ့ရဲ့အမည်နဲ့ နိုင်ငံသားကိုလည်း ရဲတပ်ဖွဲ့က အတည်မပြုနိုင်သေးပါဘူး။ အခုဖမ်းမိထားသူဟာ  စီစီကင်မရာကနေ ဖမ်းယူထားတဲ့  ရာ့ခ်ျပဆုန် ဧရာဝဏ်နတ်ကွန်းနားက တီရှပ်အ၀ါရောင်ဝတ် ကျောပိုးအိတ်နဲ့သူ ဟုတ်မဟုတ်၊ မယ်နမ့်ကျောက်ဖရားမြစ် ဆာထောင်းလှေဆိပ် တံတားပေါ်က ရှပ်အင်္ကျီအပြာရောင်ဝတ်သူ ဟုတ်မဟုတ်ကိုလည်း ရဲတပ်ဖွဲ့က အတည်မပြုသေးပါဘူး။ ဒါပေမယ့် ပေါက်ကွဲတဲ့နေရာကနေရရှိတဲ့ ပစ္စည်းအပိုင်းအစ နဲ့ သူတို့ဆီမှာရှိတဲ့ ပစ္စည်းအပိုင်းအစ အမျိုးအစားတူညီတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ အပတ် သြဂုတ်လ ၁၇ ရက်နေ့က ဘန်ကောက်ရာ့ခ်ျပဆုန်လမ်း ဧရာဝဏ်နတ်ကွန်းအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၂ ဦးထက်မနည်းေ သ ဆုံးကာ လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရာခဲ့ပါတယ်။ နောက်တနေ့  သြဂုတ်လ ၁၈ မှာလည်း မယ်နမ့်ကျောက်ဖရားမြစ် ဆာထောင်းန်လှေဆိပ် မှာ ပေါက်ကွဲမှု တစ်ခုထပ်ဖြစ်ပြီး ဗုံးဟာ ရေထဲကျသွားတဲ့အတွက် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

More News
Up