A d v e r t i s e m e n t With Us

ပစ်သတ်ခံရသည့် ရုပ်သံသတင်းထောက် ၂ ဦးအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ကျင်းပ

ဓာတ်ပုံ - chicagotribune
သတင်းတင်ဆက်နေတဲ့အချိန်မှာ သေနတ်ပစ်ခံရပြီး သေဆုံးသွားတဲ့ သတင်းသမား ၂ ဦးအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သြဂုတ် ၃၀ ရက်နေ့က ဗာဂျီးနီးယားပြည်နယ် ရိုယန်နုတ်ခ်မြို့မှာ ရှိတဲ့ ဂျက်ဖာဆင်စင်တာမှာ လူတွေ စုရုံးခဲ့ကြပါတယ်။ စီဘီအက်စ်သတင်းဌာနနဲ့ ပူးပေါင်းသတင်းဌာနဖြစ်တဲ့ WDBJ7 က သတင်းထောက် အဲလက်ဆင် ပက်ကာနဲ့ ကင်မရာသမား အာဒမ်ဝေါ့ဒ်တို့ကို သြဂုတ် ၂၆ ရက်နေ့က လုပ်ဖော်ကိုင်ဘက်ဟောင်း တယောက်က သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ နောက်တော့ သေနတ်သမားလည်း သူ့ကိုယ်သူ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ခဲ့ပါတယ်။ ပစ်ခတ်မှုမှာ အင်တာဗျူးပေးနေတဲ့ အမျိုးသမီးလည်း ဒဏ်ရာရပြီး ဆေးရုံတင်ခဲ့ရပါတယ်။ ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားမှာ WDBJ7 သတင်းဌာနရဲ့ ဥက္ကဋ္ဌနဲ့ အထွေထွေမန်နေဂျာ ဂျက်ဖ် မက်စ်လည်း တက်ရောက်ပြီး အကြံပြုစကား ပြောပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေ အားလုံးနဲ့ မိတ်ဆွေတွေ အားလုံးကို အကြံပြုချင်တာက ဒေါသမထွက်ကြဘဲ ဆင်ခြင်တုံတရား ရှိကြပါ၊ ဒေါသအလျောက် လုပ်ကြတဲ့ကိစ္စဟာ ဘ၀ကို ပျက်စီးသွားနိုင်တယ် ဆိုတာကို သြဂုတ် ၂၆ ရက်နေ့ အဖြစ်အပျက်က အားလုံးမြင်ကြတဲ့ အတိုင်းပါပဲလို့ သတိပေးစကား ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ရိုယန်နုတ်ခ်မြို့ဟာ ၀ါရှင်တန်ရဲ့ အနောက်တောင်ပိုင်း မိုင် ၂၀၀ အကွာမှာ ရှိပါတယ်။ ဒီအဖြစ်အပျက်ကို  နိုင်ငံတကာ သတင်းလောက၊ ပြည်တွင်းနဲ့ ပြည်ပက စာနာမှု ပြသခဲ့ကြသလို အမေရိကန်ပြည်ထောင်စုမှာလည်း လက်နက်ထိန်းချုပ်ရေးအတွက် တောင်းဆိုမှုတွေကို  အရှိန်မြင့်တက်လာပါတယ်။

A d v e r t i s e m e n t With Us

More News
Up