A d v e r t i s e m e n t With Us

ပါတီမူဝါဒကြည့်ပြီး ဆုံးဖြတ်ကြရန် ပြည်သူကို ဒေါ်အောင်ဆန်းစုကြည်ပြော

ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ကျော်ဇေယျာဝင်း)
ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၆၀၀၀ လောက်အကြောင်းကို လူထုအများစုသိဖို့ မလွယ်တာကြောင့် ပါတီကို ကြည့်ပြီး ဆုံးဖြတ်ကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ နေပြည်တော် ဥတ္တရသီရိ မြို့နယ် တောင်ညိုကျေးရွာအုပ်စု၊တောင်ညိုကျေးရွာ အဖွဲ့ချုပ်ရုံးမှာ သြဂုတ် ၃၀ ရက်နေ့ မနက်ပြုလုပ်တဲ့ ရွေးကောက်ပွဲအသိပညာပေးဟောပြောပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ “‘ဒီ ၅၀၀၀-၆၀၀၀ သော ပုဂ္ဂိုလ် တဦးချင်း တဦးချင်းရဲ့ အနေအထားကို ပြည်သူလူထုအများစု သိဖို့ဆိုတာ မလွယ်ပါဘူး၊ ဒါဟာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါ့ကြောင့် နိုင်ငံရေးပါတီတွေဆိုတာ ပေါ်လာတာပဲ။ နိုင်ငံရေးပါတီဆိုတာ သူ့ရဲ့ မူတွေ ရှိရတယ်၊ စည်းမျဉ်းစည်းကမ်းတွေ ရှိရတယ်၊ ရည်ရွယ်ချက်တွေ ရှိရတယ်၊ အဲ့ဒီတော့ ပြည်သူလူထုအနေနဲ့ လူတဦးချင်း တဦးချင်း ကိုယ်စားလှယ် တဦးချင်း တဦးချင်းရဲ့ အရည်အချင်း အနေအထားကို အသေးစိတ် မလေ့လာနိုင်ပေမယ့်လည်း ပါတီအစုအဖွဲ့တခုရဲ့ မူဝါဒတွေ လုပ်ဆောင်ချက်တွေကို လေ့လာပြီးတော့ ဆုံးဖြတ်လို့ရပါတယ်။” ပါတီတခုချင်းစီရဲ့ သမိုင်းကြောင်းကို ကြည့်လိုက်ရင် ပါတီ ဘယ်လို ပေါ်ပေါက်လာသလဲ၊ ပြည်သူနဲ့ ပတ်သက်ရင် ဘယ်လို အနေအထား ရှိခဲ့လဲ၊ ပါတီဟာ ပြည်သူလူထုဘက်က ရပ်ခဲ့သလား၊ ပြည်သူလူထုကို အနိုင်ကျင့်မယ့် ပါတီလားဆိုတာ အဖြေပေါ်ပါလိမ့်မယ်လို့လည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ ဥတ္တရသီရိမြို့နယ်ရှိ တောင်ညိုနဲ့ မင်းကုန်းအုပ်စု၊ ဇဗ္ဗူသီရီမြို့နယ်ရှိ သပြေကုန်းအုပ်စု၊ ဒက္ခိဏသီရိမြို့နယ်ရှိ  ရွှေခဲအင်းကျေးရွာ၊ ရွှေခဲအင်းရွာဦးကျောင်းတိုက်နဲ့ ဒက္ခိဏသိရီမြို့နယ် ကျွန်းတက်ပဲ့ကျေးရွာအုပ်စု အဖွဲ့ချုပ်ရုံးတို့မှာ လူထုနဲ့တွေ့ပြီး ရွေးကောက်ပွဲအသိပညာပေးဟောပြောမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up