ခေါင်းနှစ်လုံး ပါသည့် ၀က်ကလေး (ရုပ်သံ)

တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့၊ ရှင်းကောင်မြို့နယ်ထဲက ဘုန်းကြီးကျောင်းအပြင် ဘက်မှာ စွန့်ပစ်ခဲ့တဲ့ ခေါင်း ၂ လုံးပါတဲ့ ၀က်ကလေးကို လမ်းသွားလမ်းလာတဦးက ကောက်ယူမွေးစားခဲ့ပါတယ်။ အဲဒီဝက်ကလေးဟာ ခေါင်း၂ လုံးနဲ့ နားရွက် ၃ ဖက်ပါဝင်ပြီး ပါးစပ် ၂ ခုလုံးကို အသုံးပြုပြီး စားသောက်နိုင်တယ်လို့ ဒေးလီးမေးလ်သတင်းမှာဖော်ပြပါတယ်။ ဒါပေမယ့် ခေါင်း ၂ လုံးရဲ့ အလေးချိန်ကြောင့် လမ်းလျှောက်ဖို့၊ မတ်တပ်ရပ်နေနိုင်ဖို့ သူ့အတွက် ခက်ခဲပါတယ်။ ကောက်ယူမွေးစားခဲ့တဲ့ ပိုင်ရှင်သစ် ယန်းကျင်းလင်က အဲဒီဝက်ပေါက်စလေးကို မွေးကင်းစကလေးအတိုင်း နို့ဘူးတိုက်မွေးမြူထားတယ်လို့ သတင်းမှာဖော်ပြပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်းမြို့ရဲ့ ကျော်ကြားသူဖြစ်လာတဲ့ ဒီဝက်ကလေးကို ဆက် လက်ထိန်းသိမ်းနိုင်ဖို့ တိရစ္ဆာန်အရေးကျွမ်းကျင်သူတွေဆီက အကူအညီတွေရဖို့ ယန်း ကျင်းလင်က မျှော်လင့်နေတယ်လို့ ပြောပါတယ်။ ဒီနှစ်အစောပိုင်း ဇွန်လတုန်းက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချောင်ကျင်းမြို့ မှာ ခေါင်း ၂ လုံးပါတဲ့ ၀က်ကလေးတကောင်မွေးခဲ့ပေမယ့် မွေးပြီး ၃ ရက်အကြာမှာ သေဆုံးသွားခဲ့တာပါ။

More News
Up