Home
မြန်မာသတင်း
လုပ်ခလစာ ကျပ် ၃၆၀၀ သတ်မျတ်ပြဋ္ဌာန်း
DVB
·
August 29, 2015
၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်ကစပြီး အလုပ်သမား လုပ်ခလစာ တရက် ကျပ် ၃၆၀၀ သတ်မှတ်တယ်လို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း နေရာဒေသမရွေး လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တနိုင်ငံလုံး တပြေးညီ ၁ နာရီ ကျပ် ၄၅၀ နှုန်းနဲ့ အလုပ်ချိန် ၈ နာရီ ကျပ် ၃၆၀၀ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ ဒီလုပ်ခလစာသတ်မှတ်ချက်ဟာ အလုပ်သမား ၁၅ ယောက် အောက်ရှိတဲ့ လုပ်ငန်းငယ်တွေ၊ မိသားစုတပိုင်တနိုင် လုပ်ငန်းတွေနဲ့ မသက်ဆိုင်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခုလို အလုပ်သမားတရက် လုပ်ခလစာ သတ်မှတ်လိုက်နိုင်တာ မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်ပြီး အစိုးရအနေနဲ့ ၂ နှစ်ကြာလောက် အချိန်ယူ လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ အလုပ်သမားတွေဘက်က တရက်လုပ်ခလစာ ၄၀၀၀ ကျပ် ရရှိဖို့ တောင်းဆိုထားခဲ့တာဖြစ်ပြီး အလုပ်ရှင်ဘက်က ကျပ် ၂၅၀၀ပဲ ပေးနိုင်မယ်လို့ ပြောဆိုထားခဲ့ကြတာပါ။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက အစိုးရက ခုလို သတ်မှတ်လိုက်ပြီဆိုတော့ လုပ်ကြည့်ရမှာပဲလို့ ပြောပါတယ်။ “ဒါက ပြဋ္ဌာန်းလိုက်ပြီဆိုရင်တော့ အဲ့ဒါကို overcome ဖြစ်အောင် ကြိုးစားကြပေါ့၊ ဒါပဲ ရှိတာပဲ။ တောင်ကတွေ့ပြီဟေ့ဆိုရင် ကျော်နိုင်အောင်လုပ်ကြပေါ့။ မကျော်နိုင်တဲ့သူကလည်း မကျော်နိုင်သလိုပေါ့၊အစိုးရကလဲ ဖြစ်သင့်လို့ ဒါကို ပြဋ္ဌာန်းတဲ့အခါ ဒီပေါ်မှာ သဘောထားပေးစရာ မရှိတော့ဘူး၊ ကျနော်တို့ အလုပ်လုပ်ဖို့ပဲ ရှိတော့တယ်။” တရက်လုပ်ခ လစာ ၃၆၀၀ ကျပ် ပေးရရင် အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းသွားမယ်လို့ ဆိုထားကြတဲ့အပေါ်မှာတော့ စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အလုပ်သမားရေးတာဝန်ခံ မသက်သက်အောင်ကတော့ အာဆီယံနှုန်းထားကို မမီပေမယ့် သင့်တော်တဲ့ နှုန်းထား ဖြစ်တယ်လို့ ပြောပါတယ်။ “အလုပ်သမားတွေနဲ့ သမဂ္ဂတွေရဲ့ တောင်းဆိုချက်ကတော့ ၄၀၀၀ ရှိတာပေါ့။ အာဆီယံနှုန်းထားနဲ့ဆိုရင်တော့ ကျမတို့ တိုင်းပြည်က နည်းနေသေးတယ်ဆိုတာ တွေ့ရတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေအရ ဆိုရင်တော့ ၃၆၀၀ သတ်မှတ်လိုက်ခြင်းသည် မဆိုးဘူးလို့ပဲ ပြောရမယ်။” ဒီနှုန်းထားနဲ့ဆို အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းသွားမယ် ဆိုတာကတော့ ခြိမ်းခြောက်မှု သက်သက်သာ ဖြစ်မယ်လို့ သူက ပြောပါတယ်။ အခုသတ်မှတ်လိုက်တဲ့ တရက် ၃၆၀၀ နှုန်းနဲ့ အလုပ်သမားတို့ တပတ် ၆ ရက် အလုပ်ဆင်းနိုင်ရင် ၁လ ကျပ် ၁ သိန်းကျော်လောက် ရရှိကြမှာ ဖြစ်ပါတယ်။ အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ လုပ်ငန်းကျွမ်းကျင်ကြေး၊ လုပ်သက်ကြေး စတာတွေနဲ့ပတ်သက်လို့ အလုပ်ရှင်နဲ့ အလုပ်သမားကြား ဆက်လက်ညှိနှိုင်းကြရဦးမှာ ဖြစ်ပါတယ်။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ အလုပ်သမား တရက်အနိမ့်ဆုံးလုပ်ခလစာဟာ မြန်မာငွေကျပ် ၉၀၀၀ လောက်နဲ့ ညီမျှတဲ့  ဘတ် ၃၀၀ သတ်မှတ်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024