ဘန်ကောက် ဗုံးကွဲမှု သံသယရှိသူကို ဖမ်းဝရမ်းထုတ်ပြန် (ရုပ်သံ)

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က ဆိပ်ခံတံတား ဗုံးပေါက်ကွဲမှုမှာ သံသယရှိသူအတွက် ဖမ်းဝရမ်းထုတ်လိုက်ပြီလို့ ထိုင်းရဲက သြဂုတ် ၂၈ ရက်နေ့မှာ ပြောပါတယ်။ ဆိပ်ခံတံတားမှာ ဗုံးပေါက်ကွဲမှုဟာ လူအယောက် ၂၀ သေဆုံးခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ အဆိုးဆုံး ဗုံးပေါက်ကွဲမှုအပြီး နောက်တနေ့ ဖြစ်ခဲ့တာပါ။ သြဂုတ် ၁၇ ရက်နေ့ ညက ရှပ်အင်္ကျီ အပြာရောင်ကို ဝတ်ထားပြီး အိတ်တလုံးကို ဆိပ်ခံတံတားနားက ရေထဲကို ကန်ချခဲ့တဲ့ အမျိုးသား တဦးရဲ့ ဝါးတားတား ဖြစ်နေတဲ့ ရုပ်သံမှတ်တမ်းကို အခြေခံပြီး  တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့တာလို့ ရဲပြောခွင့်ရ ပရာဝပ် သာဝုန်စီရီက ပြောပါတယ်။ “ရုပ်ပုံမှာပါတဲ့ အမျိုးသားက ဘယ်နိုင်ငံသားမှန်း မသိရသေးဘူး သူ့အသက်က ၂၅ နှစ်ကနေ ၃၀ နှစ်ကြားမှာ ရှိမယ်၊ အရပ်က ၅ ပေ ၇ လက်မလောက် ရှိပြီး အချိုးအစားကျတဲ့ ကိုယ်ခန္ဓာ ရှိတယ်” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ “သံသယရှိသူဟာ အခွင့်မရှိဘဲ ဖောက်ခွဲရေး ပစ္စည်းပိုင်ဆိုင်မှု၊ ထိခိုက်စေနိုင်တဲ့ ဗုံးဖောက်ခွဲမှုနဲ့ လူသတ်ဖို့ ကြိုးစားမှု စွဲချက် ၂ ခုကို ရင်ဆိုင်ရမယ်။” ဆိပ်ခံတံတားပေါက်ကွဲမှုမှာ သေဆုံးဒဏ်ရာရသူ မရှိခဲ့ပါဘူး။ ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုကို စုံစမ်းစစ်ဆေးရာမှာလည်း ရဲတွေဟာ လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ မှုန်ဝါးဝါး ရုပ်သံမှာ မြင်ရတဲ့ အမျိုးသားကို အာရုံစိုက် ထားကြ ပါတယ်။ ရုပ်သံထဲမှာ ဆံပင်အရောင်နဲ့ ရှပ်အဝါရောင် ဝတ်ထားတဲ့ ယောက်ျားတယောက်က နတ်ကွန်းထဲကို ဝင်အပြီး ကျောပိုးအိတ်ကို ဖယ်ထားခဲ့ပြီး မပေါက်ကွဲခင် မြင်ကွင်းကနေ အဝေးကို ထွက်သွားပုံကို ပြထားပါတယ်။ အရင်အပတ်ကတော့ ရဲတွေဟာ ဘယ်သူဘယ်ဝါ မသိရတဲ့ နိုင်ငံခြားသား အမျိုးသားတယောက်အတွက် ဖမ်းဝရမ်း ထုတ်ခဲ့တာပါ။ ရဲပြောခွင့်ရကတော့ ဆိပ်ခံတံတား ဗုံးခွဲသူလို့ သံသယရှိသူရဲ့ ဓာတ်ပုံကို ဖြန့်ချိမယ့်ပုံ မရှိဘူးလို့ ပြောပါတယ်။ ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်ခဲ့ပြီး ခရီးသည် လာရောက်နှုန်း ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ထိုင်းခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက သြဂုတ် ၂၆ ရက်နေ့က ပြောပါတယ်။ ဘန်ကောက်မြို့လယ် အချက်အချာက ဟိန္ဒူနတ်ကွန်း ဗုံးခွဲမှုအတွင်း လူအယောက် ၂၀ သေဆုံးရာမှာ ၁၄ ယောက်က နိုင်ငံခြားသား ခရီးသည်တွေ ဖြစ်ပါတယ်။ ဗုံးကွဲခဲ့စဉ်က ရုပ်သံ ကြည့်ရှုရန် (asiancorrespondent)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up