ချဲလ်ဆီးအသင်း တရုတ်ခံစစ်သမားကို ခေါ်ယူရန် ကမ်းလှမ်း

1.6K
ချဲလ်ဆီးအသင်းဟာ တရုတ်နိုင်ငံ ကွမ်ကျိုး အဲဗားဂရန်းအသင်းမှ ခံစစ်သမား ကျန်းလင်ဖုန်းကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ တရုတ်မီဒီယာက သြဂုတ် ၂၈ ရက် နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံအသင်းကြီးက သြဂုတ် ၂၆ ရက်နေ့က စာချုပ်ပို့လိုက်ပြီး စက်တင်ဘာ ၁ ရက် နွေရာသီအပြောင်းအရွှေ့ကာလ စာရင်းမပိတ်ခင်မှာ အသက် ၂၆ နှစ်အရွယ် ကစားသမားကို ပို့ပေးနိုင်ဖို့ မျှော်လင့်နေကြောင်း တိုက်တန်သတင်းစာက ဆိုပါတယ်။
ပြည်ပမှာ သွားကစားခွင့်ရဖို့ ၅ နှစ်၊ ၆ နှစ်လောက် စိတ်ကူးစောင့်ဆိုင်းခဲ့ရတာ နောက်ဆုံးမှာတော့ အင်္ဂလိပ် ပရီးမီးယားလိဂ်ကနေ အသိအမှတ်ပြုလာပြီးတော့ ခုလို တခမ်းတနား ဖိတ်ခေါ်ချက် ရရှိတဲ့အတွက် ၀မ်းသာ စိတ်လှုပ်ရှားမိပါတယ်လို့ ကျန်း က ပြောကြောင်း သတင်းစာမှာ ဖော်ပြပါတယ်။
ဒီသတင်းထုတ်ပြန်ချက်ကို အတည်ပြုဖို့ တရုတ် စူပါလိဂ် ချန်ပီယံ ကွမ်ကျိုးအသင်းနဲ့တော့ အဆက်အသွယ် မရသေးပါဘူး။ ကျန်းနဲ့ ဘောလုံးကလပ်တွေကတော့ သူ့ရဲ့အပြောင်းအရွှေ့ကာလအတွက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံမှာတော့ ဥရောပသမဂ္ဂ၀င် နိုင်ငံမဟုတ်တဲ့ နိုင်ငံတွေဆီက ကစားသမားတွေကို ခေါ်ယူတဲ့နေရာမှာ အလုပ်ဗီဇာ လိုအပ်ချက်တွေ ပိုမိုတင်းကျပ်လေ့ရှိပါတယ်။
“ကျနော့်အနေနဲ့ ပရီးမီးယားလိဂ်ကို တိုက်ရိုက်သွားကစားနိုင်ဖို့ မတတ်နိုင်ပေမယ့်လည်း ကျနော့်အတွက် ခွင့်ပြုချက်ရဖို့ကိစ္စနဲ့ပတ်သက်ပြီး ချဲလ်ဆီးအသင်းကနေ ပရော်ဖက်ရှင်နယ် အဆန်ဆုံး စီစဉ်မှုတွေ လုပ်ဆောင်ပေးလိမ့်မယ်လို့ ယုံကြည်ထားပါတယ်” လို့ ကျန်းက ပြောပါတယ်။
ဘောလုံးနည်းပညာပိုင်း ကျွမ်းကျင်ပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှု တောင့်တင်းတဲ့ ကျန်းဟာ တရုတ်နိုင်ငံမှာ ၂၀၁၃ ခုနှစ်တုန်းက အာရှချန်ပီယံလိဂ် တံခွန်စိုက်ဆု ရရှိအောင် လုပ်ဆောင်ပေးခဲ့တဲ့ ကွမ်ကျိုးအသင်း အောင်မြင်မှုမှာ အဓိက ကစားသမားတဦးလည်း ဖြစ်ပါတယ်။