ကြက်များအပေါ် ရက်စက်စွာသတ်ဖြတ်မှုကြောင့် မက်ဒေါ်နယ် အ၀ယ်ရပ် (ရုပ်သံ)

3.4K
မွေးမြူရေးခြံ ၀န်ထမ်းတွေက ကြက်တွေကို ရက်ရက်စက်စက် ပြုမှုနေတဲ့ ဗွီဒီယိုဖိုင်ကြောင့် မွေးမြူရေးခြံက ကြက်တွေကို ၀ယ်ယူဖို့ မက်ဒေါ်နယ်နဲ့ တိုင်ဆန် အစားအသောက် ကုမ္ပဏီတွေက ရပ်ဆိုင်းလိုက်ပါတယ်။
တိရစ္ဆာန်တွေအပေါ် ကြင်နာပါဆိုတဲ့ အဖွဲ့က လော့စ်အိန်ဂျယ်လိစ် သတင်းစာရှင်းလင်းပွဲမှာ ပြသခဲ့တဲ့ ဗွီဒီယိုဖိုင်မှာ ခြံလုပ်သားတွေက ကြက်တွေကို ရိုက်နှက် သတ်ဖြတ်တာတွေကို ရိုက်ကူးထားပါတယ်။
အမေရိကန်ပြည်ထောင်စု တင်နက်ဆီပြည်နယ် ဒုတ်ဒေါင်းက တိုင်ဆန်နဲ့ စာချုပ် ချုပ်ဆိုထားတဲ့ တီအမ်အက်စ် မွေးမြူရေးခြံမှာ ရိုက်ကူးခဲ့တာလို့ တိရစ္ဆာန်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
တိုင်ဆန်က မက်ဒေါ်နယ်ကို ကြက်တွေ ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီတခုလည်း ဖြစ်ပါတယ်။
တီအမ်အက်စ် မွေးမြူရေးခြံ တာဝန်ရှိသူတွေကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဆက်သွယ်လို့မရဘူးလို့ ရိုက်တာသတင်းက ရေးပါတယ်။
မက်ဒေါ်နယ်ကတော့ အခုလို ရပ်ဆိုင်းဖို့ လုပ်ဆောင်တဲ့ တိုင်ဆန်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပြီး တိုင်ဆန်နဲ့အတူ စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
မွေးမြူရေးခြံမှာ တိရစ္ဆာန်တွေကို မတော်မတရား လုပ်နေတာ ၃ ပတ်ကြာ မှတ်တမ်းရယူ ရိုက်ကူးခဲ့တာ ဖြစ်တယ်လို့ တိရစ္ဆာန်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ဒီခြံမှာ ကြက် ၁ သိန်း ၂ သောင်းကျော် မွေးမြူထားတာ ဖြစ်ပါတယ်။