မက်ဆီ ဥရောပအကောင်းဆုံး ဘောလုံးသမားဆု ဒုတိယအကြိမ် ရရှိ

စပိန် ဘာစီလိုနာအသင်း ကစားသမား လီယိုနယ် မက်ဆီ ကို ဥရောပ ဘောလုံးအဖွဲ့ချုပ်က  ၂၀၁၄-၁၅ ဘောလုံးရာသီအတွက် အကောင်းဆုံး ဘောလုံးသမားဆု မဲပေး ရွေးချယ်ပေးအပ်လိုက်ပါတယ်။ သြဂုတ် ၂၇ ရက်နေ့က ချန်ပီယံလိဂ် အုပ်စုမဲခွဲအပြီး ဒီနှစ်အတွက် ဥရောပ အကောင်းဆုံး ဘောလုံးသမားဆုတွေကို ကြေညာပေးအပ်လိုက်တာဖြစ်ပြီး မက်ဆီက ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်က စီရော်နယ်လ်ဒိုနဲ့  တသင်းတည်း ကစားဖော် ဆွာရက်ဇ်တို့ကို ကျော်ပြီး ဆုရသွားတာ ဖြစ်ပါတယ်။ မက်ဆီက ခုလို ဆုရရှိသွားတဲ့အတွက် အရမ်းပျော်တဲ့အကြောင်း၊ အသင်းဖော်တွေကြောင့် ဒီဆုရတာဖြစ်လို့ ကစားဖော်တွေအားလုံးကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ အသင်းသား အယောက်စီတိုင်းကို အများကြီး မှီခိုအားကိုးခဲ့ရပါတယ်လို့ ဆုရအပြီးမှာ ပြောပါတယ်။ အာဂျင်တီးနားလက်ရွေးစင် မက်ဆီဟာ ဒီဆုကို ဒုတိယအကြိမ် ရရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၀-၁၁ ဘောလုံးရာသီကလည်း ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့ဖူးပါတယ်။ ၂၀၁၄-၁၅ ရာသီအတွက် ဥရောပအကောင်းဆုံး အမျိုးသမီး ဘောလုံးသမားဆုကိုတော့ ပြီးခဲ့တဲ့ ကနေဒါ ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ ရွှေဖိနပ်ဆုရသွားတဲ့ ဂျာမနီ ဖရန့်ဖတ်အသင်းက စီလီယာ ဆာစစ်က ရရှိသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up