ကမ္ဘာ့ပထမဆုံး အော်ဂင်းနစ်ဘောလုံးကွင်း (ရုပ်သံ)

အင်္ဂလိပ်ကျေးလက်ဒေသရဲ့ တောင်စဉ်တောင်တန်းတွေအလယ်မှာ ရင်ငွေ့လှုံနေတဲ့ Forest Green Rovers ဟာ ရည်မှန်းချက်ကြီးတဲ့ အသင်းတသင်းပါ။ တန်းနိမ့်အသင်း အဖြစ်ကနေ အဆင့်တက်ဖို့တင်မက ကမ္ဘာမှာ အစိမ်းလန်းဆုံး အသင်းတသင်းဖြစ်ဖို့ ကြိုးစားနေတာပါ။ ဒါဟာ ၂၀၁၀ ခုနှစ် ဒီအသင်း အလွန်အမင်း အကျပ်အတည်း ဆိုက်နေချိန်မှာ ၀င်ရောက်လာခဲ့တဲ့ ဒေးလ်ဗင့်စ်ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ သူက အစိမ်းရောင်စွမ်းအင်ကုမ္ပဏီ Ecotricity ရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ပိုင်ရှင်လည်းဖြစ်သူပါ။ "ဒါကို ကျနော်တို့ လုပ်လိုက်နိုင်ရင် ဘောလုံးလောကသစ်ကို မက်ဆေ့ခ်ျပေးပြီးသား ဖြစ်သွားမယ်လို့ တွေးမိလို့ပါ။ သဘာဝပတ်ဝန်းကျင်ကို လုံးလုံးမထိခိုက်တဲ့ စနစ်ပေါ့နော်။ ဒါနဲ့ ကျနော်တို့က ဒီအသင်းကို ကယ်တင်ပြီး ကမ္ဘာ့အစိမ်းလန်းဆုံး အသင်းတသင်းဖြစ်အောင် ဒီနည်းကိုသုံးပြီး လုံးဝခြားနားတဲ့ ပရိသတ်တွေနဲ့ ထိတွေ့နိုင်အောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။" ဘောလုံးရာသီအသစ်မစခင် ၁ ပတ်အလိုမှာ အော်ဂင်းနစ်ဘောလုံးကွင်းကို အချောသတ်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာမှာ ပထမဆုံးပဲလို့ သူတို့အသင်းက ဆိုပါတယ်။ ကစားကွင်း မြက်ခင်းပြင်ကို စိမ်းစိုလန်းဆန်းနေစေဖို့ သူတို့က ပင်ရင်းကနေ ရေသွင်းတာမျိုးမလုပ်ဘဲ မိုးရေနဲ့ စမ်းရေကို အသုံးပြုပါတယ်။ မြက်ခင်းပြင်ကိုညှိဖို့ mow-bot  (မိုးဘော့တ်) လို့ခေါ်တဲ့ မြက်ရိတ်စက်ရုပ်ကို အသုံးပြုပါတယ်။ ဒီစက်ရုပ်ကို နေအိမ်ခေါင်မိုးမှာတပ်တဲ့ ဆိုလာပြား ၁၈၀ သုံးပြီးထုတ်တဲ့ လျှပ်စစ်နဲ့ မောင်းနှင်တာပါ။ ဒီဆိုလာပြားတွေက ကားဘက်ထရီအားသွင်းရုံတွေ အပါအ၀င် စွမ်းအင်လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်း ဖြည့်ဆည်းပေးပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အစိမ်းရောင်စီမံချက်နိဒါန်းဟာ လုံးဝ သက်သတ်လွတ် ဖြစ်လာဖို့ ရှိပါတယ်။ ကစားကွင်းမှာ ဘာဂါတွေ၊ ၀က်အူချောင်းတွေ၊ အသားပိုင်မုန့်တွေ လုံးဝမရောင်းပါဘူး။ လတ်ဆတ်တဲ့ ရာသီပေါ်သီးနှံနဲ့လုပ်တဲ့ အစားအစာတွေ၊ အော်ဂင်းနစ်ဘီယာတွေပဲ ရောင်းချမှာ ဖြစ်ပါတယ်။ "ဘောလုံးပွဲမှာ အပေါစား အစားအစာတွေပဲ ရတယ်လို့ထင်တယ်။ ကွင်းအားလုံးကို ခြုံကြည့်ရင် ဒီလိုပဲ ပြောရမှာပဲ။ ဒီတော့ တခြားကလပ်အသင်းတွေလည်း ဒါကို သင်ခန်းစာယူနိုင်မယ်လို့ ထင်တယ်။ ဒီတော့ ဘာကြောင့်များ အစားအသောက်ကောင်းတွေ မရောင်းနိုင်ရမှာလဲ။" အသားကို လုံးဝမသုံးဘူး ဆိုတာကတော့ အားပေးတဲ့ ပရိသတ်တွေကြားမှာ အငြင်းပွားစရာ ဖြစ်နေပါတယ်။ "ကျနော်တို့က အစားအစာတွေကို အမြဲတမ်း အရသာရှိရှိနဲ့ နှစ်သက်စဖွယ်ဖြစ်အောင် ချက်ပြုတ်နိုင်ရင် ပရိသတ်က ၀ိုင်းဝိုင်းလည်လာမှာပဲ။ ပရိသတ်အဖို့ အသားမစားရဘူးပေါ့နော်။ ဒါကလည်း ဘောပွဲလာကြည့်တုန်း သည်းခံရတာပါ။" ကစားသမားတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ "ဟာ ကြက်သားက ဘယ်ရောက်သွားလဲ။ အေး ... ကြက်သားမနေနဲ့ ... တို့ဥက္ကဋ္ဌကြီးရဲ့အမြင်ကို လေးစားသောအားဖြင့် သက်သတ်လွတ်လေးပဲ တွယ်တာပေါ့ဆိုပြီး ထူးထူးဆန်းဆန်း ပြက်လုံးတွေတောင် ထုတ်လို့ရသေးတယ်။" ဘာပဲဖြစ်ဖြစ် လူငယ်ပိုင်း ပရိသတ်တွေက ဒီအစီအစဉ်ကို ပိုပြီးစိတ်ဝင်စားမှာပါ။ ဒီအစားအစာကို ဘယ်လိုထင်ပါသလဲ။ "အင်း မပြောတတ်ဘူး။ ကျနော်က ဘာဂါစားချင်တာ၊ ဒါပေမယ့် မစားဖြစ်ဘူး။ ပွဲချိန်တ၀က်မှာ အာလူးချောင်းကြော်စားပြီးရင် နောက်ပွဲတ၀က်ကျတော့ ဘာဂါနဲ့ အခြားစားစရာတခုခု စားမယ်ဆိုလည်း ဖြစ်တာပဲ။" ခုလို အစားအသောက်နဲ့ပတ်သက်လို့ ညည်းတွားမှုတွေ ရှိနေပေမယ့် ဒီဂေဟစနစ်သစ်ပေါ်မှာတော့ ကစားကွင်းထဲက ဘောပွဲကို စိတ်ဝင်စားကြသလိုမျိုး လူတွေက အာရုံစိုက်လာကြမှာပါ။ အင်္ဂလိပ်အသင်းရဲ့စံချိန်တွေ မမီသေးခင်မှာ Forest Green Rovers အသင်းအဖို့ နည်းလမ်းအချို့ ရှိနေပုံပါပဲ။ ခုလို ဂေဟစနစ်ကိုဇောင်းပေးတဲ့ သူတို့ရဲ့ စွန့်ဦးတီထွင်မှုအပေါ် အခြားကလပ်အသင်းတွေကလည်း နောင်တချိန်မှာ အားကျလာမှာ အသေအချာပါပဲ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up