ထိုင်းကိုဝင်လာသည့် တူရကီနိုင်ငံသားများ အချက်အလက် အာဏာပိုင်များ စုံစမ်း

ဓာတ်ပုံ - ရိုက်တာ
1.5K
ပြီးခဲ့တဲ့တပတ်က မြို့တော် ဘန်ကောက်မှာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံထဲ တူရကီနိုင်ငံသားတွေ ၀င်ရောက်မှု အချက်အလက် အသေးစိတ်ကို ထိုင်းအာဏာပိုင်တွေ ပြန်လိုက်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သြဂုတ် ၂၇ ရက်နေ့က ပြောပါတယ်။
ဘန်ကောက်မြို့တော် ဧရာဝဏ်နတ်နန်းမှာ ဗုံးခွဲခဲ့သူလို့ အဓိက သံသယဖြစ်နေတဲ့သူကို နောက်ယောင်ခံရေးမှာ လုံခြုံရေးကင်မရာတွေ ပုံမှန် အလုပ်မလုပ်ခဲ့တာနဲ့ လူဝင်မှုကို ထိန်းချုပ်တဲ့ အဆင့်မြင့်နည်းပညာတွေ ထိုင်းနိုင်ငံမှာ မသုံးနိုင်သေးတဲ့အတွက် စုံစမ်းရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်လို့ ထိုင်းရဲချုပ်က ပြောဆိုထားတာပါ။
အဆိုပါ ဗုံးပေါက်ကွဲမှုမှာ လူအယောက် ၂၀ သေဆုံးခဲ့ပြီး တ၀က်ကျော်ကျော်ဟာ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။
ဗုံးခွဲခဲ့သူလို့ သံသယရှိသူဟာ ဗုံးကို ထားခဲ့ပြီး အငှားဆိုင်ကယ်နဲ့ ထွက်ခွာသွားခဲ့တာပါ။
အငှားဆိုင်ကယ်နဲ့ အငှားယာဉ်ပေါ် ဒီအန်အေနမူနာတွေ ရယူထားပြီး ဖြစ်ပေမယ့် အဲဒါတွေနဲ့ တိုက်စစ်မယ့် သံသယရှိသူရဲ့ နမူနာ မရှိဖြစ်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောဆိုပါတယ်။
အခုတော့ ထိုင်းရဲတပ်ဖွဲ့နဲ့ နိုင်ငံရေးသုံးသပ်သူတွေက တရုတ်နိုင်ငံ အနောက်ပိုင်းက လူနည်းစု မွတ်စလင် ၀ီဂါလူမျိုးတွေနဲ့ ဆက်စပ်နိုင်တယ်လို့ ပြောဆိုလာကြပါတယ်။
ဝီဂါလူမျိုးတွေက တရုတ်အစိုးရဟာ သူတို့ကို ခွဲခြားဖိနှိပ်တယ်လို့ ဆန့်ကျင်နေကြတာပါ။
တခြား မွတ်စလင်အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဗုံးပေါက်ကွဲမှု ဆက်စပ်မှုကိုတော့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။