တရုတ်စတော့ရှယ်ယာဈေး ပြန်တက်လာ

အခုတပတ်အစောပိုင်းက အကြီးအကျယ်ဈေးကျခဲ့တဲ့ တရုတ်စတော့ဈေးတွေ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရပ်နေ့က ၅ ရာခိုင်နှုန်း ပြန်တက်လာခဲ့ပြီး ဈေးပိတ်သွားခဲ့ပါတယ်။
အခုလို စတော့တန်ဖိုးတွေ ပြန်တက်လာပေမယ့် အခုတပတ်အစောပိုင်းက အကြီး အကျယ် ကျခဲ့တဲ့အတွက် အရင်အနေအထားကို ပြန်မရောက်နိုင်သေးပါဘူး။
သြဂုတ် ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်စတော့အိတ်ချိန်းမှာ ၄ နှစ်အတွင်း အမြင့်ဆုံးဈေး ရရှိခဲ့ပါတယ်။
အဲ့ဒါနဲ့ ဆက်စပ်ပြီး အာရှနိုင်ငံတွေက စတော့တန်ဖိုးတွေလည်း သြဂုတ် ၂၇ ရက်နေ့က ပြန်တက်လာခဲ့ပါတယ်။
သြဂုတ် ၂၇ ရက်နေ့မှာ ဟောင်ကောင် ဟုနှ်ဆောင်(Hang Seng)ညွန်းကိန်းက ၃.၆ ရာခိုင်နှုန်း၊ အာရှရဲ့ အကြီးဆုံးစတော့ဈေးကွက်ကြီးဖြစ်တဲ့ ဂျပန် နီကေးညွန်းကိန်းက ၁.၁ ရာခိုင်နှုန်း၊ တောင်ကိုရီးယားစတော့အိတ်ချိန်းမှာ ၀.၇ ရာခိုင်နှုန်းနဲ့ သြစတြေးလျမှာ ၁.၂ ရာခိုင်နှုန်း ပြန်တက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့တပတ်အတွင်း တရုတ်စတော့တန်ဖိုးတွေ အကြီးအကျယ် ကျဆင်းခဲ့လို့ ကမ္ဘာတ၀ှန်း စတော့ဈေးကွက်တွေမှာ စိုးရိမ်မှုတွေနဲ့ ရိုက်ခတ်မှုတွေ ရှိခဲ့တာပါ။
ဒါကို ပြန်ထိန်းဖို့ တရုတ်ဗဟိုဘဏ်က သြဂုတ် ၂၅ ရက်နေ့မှာ အတိုးနှုန်းတွေ လျော့ချပေးခဲ့ပေမယ့် အစပိုင်းမှာ မထိန်းနိုင်ခဲ့ပါဘူး။
တရုတ်စီးပွားရေးတိုးတက်နှုန်းအရင် ၁၀ ဂဏန်း တိုးတက်ခဲ့တာကနေ အခုနောက်ပိုင်းလတွေမှာ သိသိသာသာ အရှိန်ကျလာတာ၊ တရုတ်စီးပွားရေးကို ပြတဲ့အချက်အလက်တွေက အကျဖက်က ပြလာတာတွေ အဲဒီလိုဖြစ်နေချိန်မှာ ပြီးခဲ့တဲ့ သြဂုတ်၂၁ ရက်နေ့မှာ သြဂုတ်လဟာ တရုတ်ကုန်ထုတ်လုပ်မှု ၆ နှစ်အတွင်း အမြန်ဆုံးကျဆင်းမှုလို့ ဖော်ပြခဲ့ကြတာပါ။
အဲဒီမှာ စတော့အရောင်းအ၀ယ်တွေ ကမောက်ကမတွေဖြစ်ပြီး ဈေးတွေလည်း ထိုးကျခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သြဂုတ် ၂၇ ရက်နေ့မှာ တရုတ်စတော့ဈေးတွေ အနည်းငယ်ပြန်တက်လာတာ တရုတ်စတော့ဈေးကွက်အပေါ် ယုံကြည်မှုကျဆင်းခဲ့ တာကနေ ယုံကြည်မှုအနည်းငယ်တော့ ပြန်ပြီး ရရှိလာနိုင်တယ်လို့ ငွေကြေးကျွမ်းကျင်သူတွေက တွက်ဆကြပါတယ်။