A d v e r t i s e m e n t With Us

ဆော်ဒီတွင် မားစ် ကူးစက်ခံရမှု အသစ် ၁၄ ခုရှိကြောင်း အတည်ပြု

ဓာတ်ပုံ - ရိုက်တာ
ဆော်ဒီအာရေဗျ ကျန်းမာရေးဝန်ကြီးဌာန အရာရှိတွေက အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်း ရောဂါပိုး မားစ် ကူးစက်ခံရမှု အသစ် ၁၄ မှု ရှိတယ်လို့ အတည်ပြုလိုက်ပါတယ်။ ဘုရင် အဗ်ဒူအဇစ် မြို့စောင့်တပ်အတွင်း ကူးစက်မှုနဲ့ ပတ်သက်ပြီး နောက်ထပ် ကူးစက်ခံရမှု အသစ် ၁၄ ခုရှိကြောင်း အတည်ပြုတယ်လို့ ဒေါက်တာ အဗ်ဒူလာဇစ် အဲ့စ်စေရီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တလကျော် အချိန်အတွင်း ဓာတ်ခွဲခန်းမှာ အတည်ပြုတဲ့ ကူးစက်ခံရသူ ၇၁ ဦး ရှိခဲ့တယ်၊ ၃၅ ဦး ဆေးရုံတက်နေဆဲဖြစ်ပြီး ၁၉ ဦးက အထူးကြပ်မတ် ကုသဆောင်မှာ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။ ဆော်ဒီအစိုးရကတော့ ကူးစက်မှုကို ထိန်းချုပ်ဖို့ နိုင်ငံခြားက ပညာရှင်တွေရဲ့ အကူအညီကိုပါ ရဖို့ ကြိုးစားနေပါတယ်။ အမေရိကန်နိုင်ငံ အတ္တလန္တာ အခြေစိုက် ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေးဌာနက ဂျွန်ဝပ်ဆန်ကတော့ မားစ် အသက်ရှူလမ်းကြောင်း ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ပြီး စီမံခန့်ခွဲရာမှာ ကူညီဖို့ အဓိကထား ရောက်လာတာလို့ ပြောပါတယ်။ ဆရာဝန်တွေက မားစ်ဗိုင်းရပ် ကူးစက်မှုနဲ့ မွေးမြူရေး တိရစ္ဆာန်တွေကြား ဆက်စပ်မှု ဖြစ်နိုင်ချေရှိတယ်လို့ ယုံနေကြပါတယ်။ ၂၀၁၂ ခုနှစ်မှာ ပထမဆုံး အမျိုးအမည် ဖော်ထုတ်နိုင်ခဲ့တဲ့ မားစ် ဗိုင်းရပ်စ်ကို ခုချိန်ထိ ဆော်ဒီအာရေဗျနိုင်ငံမှာ အများဆုံး တွေ့ခဲ့ရပြီး တခြားနေရာတွေကို ကူးစက်မှု နည်းနည်း ရှိခဲ့ပါတယ်။ မားစ်ဟာ ချောင်းဆိုးတာနဲ့ ဖျားတာတွေကို ဖြစ်စေတဲ့ ဆားစ် ကူးစက်မြန် ပြင်းထန် အဆုတ်ယောင် ဗိုင်းရပ်စ်နဲ့ အလားသဏ္ဌာန် တူပါတယ်။ လူကနေ လူကို အလွယ်တကူ မကူးစက်နိုင်ပေမယ့် ကူးစက်ခဲ့ရင် သေဆုံးနှုန်း မြင့်မားပါတယ်။ ဆော်ဒီအာရေဗျမှာ မားစ်ရောဂါ ကူးစက်ခံရတယ်လို့ အတည်ပြုထားသူ ၁၁၁၅ ဦးထဲက အယောက် ၄၈၀ သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up