Home
မြန်မာသတင်း
ထိုင်းနယ်စပ်ရှိ ၀ တပ်စခန်း ၇ ခု ဖယ်ရှားပေးရန် ထပ်မံတောင်းဆို
နန်းမြနဒီ
·
August 27, 2015
ထိုင်းနယ်စပ်ရှိ  မြန်မာပြည်က ၀ လက်နက်ကိုင် တပ်စခန်း ၇ ခုကို ဖယ်ရှားပေးဖို့  ထိုင်း-မြန်မာနယ်ခြားကော်မတီက ထပ်မံတောင်းဆိုလိုက်ကြောင်း ထိုင်းအစိုးရ ပြန်ကြားရေး သတင်းဌာန National News Bureau of Thailand မှာ ဖော်ပြပါတယ်။ သြဂုတ် ၂၇ ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ  ကျင်းပတဲ့ ၈၄ ကြိမ်မြောက် ထိုင်း-မြန်မာနယ်ခြားကော်မတီအစည်းအဝေးမှာ ထိုင်းဘက်က ဒေသတွင်းအဆင့် နယ်ခြားကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ပရဖတ် ဖုပ်ဆုဝမ်းက တောင်းဆိုခဲ့တာပါ။ ထိုင်းနယ်ခြားကော်မတီဥက္ကဋ္ဌက မြန်မာပြည်ဘက်က ၀ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်နဲ့ ကပ်လျက် နယ်စပ်မှာ တပ်စခန်း ၇ ခု ထားရှိတာ တွေ့ရတဲ့အတွက် မြန်မာပြည်အတွင်းပိုင်းကို ၂၀ မီတာမှ ၅၀ မီတာ အကွာအဝေးထိ ဆုတ်ပေးဖို့ မြန်မာနယ်ခြားကော်မတီဥက္ကဋ္ဌကို ပြောဆိုခဲ့ပါတယ်။ အဆိုပါ ၀ လက်နက်ကိုင်တပ်ဖွဲ့စခန်းတွေ ရွှေ့ပေးဖို့ကိစ္စဟာ ပြီးခဲ့တဲ့ နယ်ခြားကော်မတီ အစည်းအဝေးတွေမှာလည်း အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်ထဲက  ကျူဖာဝေါက် နယ်စပ်ဂိတ်ဖွင့်လှစ်လိုကြောင်းနဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းဘက်ခြမ်းမှာ လာရောက် စာသင်နေတဲ့ ကလေးတွေအတွက် လူကုန်ကူးမှုအန္တရာယ်မကျရောက်စေဖို့  သက်ဆိုင်ရာ မိဘအုပ်ထိန်းသူတွေက ကိုယ်ရေးရာဇ၀င်နဲ့ နယ်စပ်ဖြတ်လက်မှတ်တွေ လုပ်ပေးဖို့၊ မယ်ဆိုင်ချောင်းကူးတံတား အမှတ် ၁ ပြုပြင်ရေးကိစ္စတွေကို ထိုင်းဘက်က တင်ပြခဲ့ပါတယ်။ မြန်မာနယ်ခြားကော်မတီဥက္ကဋ္ဌ ခလရ ၂၄၅ တပ်ရင်းမှူး ဗိုလ်မှူး ရဲထိုက်ဦးကလည်း မယ်ဆိုင်ချောင်း ရေလွှမ်းမိုးမှုကာကွယ်ရေးအတွက် မြန်မာဘက်ခြမ်းကနေ ကမ်းပါးယံ ဆောင်ရွက်ထားမှုအခြေအနေ၊ ထိုင်းဘက်က စိုက်ပျိုးရေးလုပ်ငန်းတွေပါ ရေရရှိနိုင်ဖို့ ချောင်းပြုပြင်တဲ့ အခြေအနေတွေ ရှင်းပြခဲ့ပါတယ်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကိစ္စမှာတော့ မြန်မာဘက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က  ကွန်တိန်နာ ၆ ဘီးကားပေါ်ကနေ စိတ်ကြွဆေး အလုံးရေ ၂၆ ဒသမ ၇ သန်း၊ ၃၀ ရက်နေ့မှာ နောက်ထပ် ၁ သန်းခွဲ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဒီအမှုမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံ ၄ ဦးဟာ ထိုင်းဘက်ခြမ်းကို ပြေးဝင်လာမယ်လို့ ယူဆတဲ့အတွက် ထိုင်းဘက်မှ ကူညီရှာဖွေ ဖမ်းဆီးပေးဖို့  ပြောဆိုခဲ့ပါတယ်။ ၈၄ ကြိမ်မြောက် ထိုင်းမြန်မာနယ်ခြားကော်မတီ (ဒေသတွင်းအဆင့်) အစည်းအဝေးကို ထိုင်းဘက်က ကမကထပြုကျင်းပခဲ့တာဖြစ်ပြီး နှစ်နိုင်ငံက သက်ဆိုင်ရာ နယ်ခြားကော်မတီ ဥက္ကဋ္ဌတွေနဲ့အတူ မြန်မာဘက်က တာချီလိတ်ခရိုင်မှူး ထိုင်းဘက်က ချင်းမိုင်ခရိုင်ဝန်နဲ့ တာဝန်ရှိသူတွေပါ တက်ရောက်ခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024