Home
မြန်မာသတင်း
ကေအိုင်အေ နှင့် အစိုးရတပ်တိုက်ပွဲများ ထပ်မံဖြစ်ပွား
DVB
·
August 27, 2015
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်-မလိယန်ဒေသမှာ အစိုးရတပ်တွေနဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းဌာနက ထုတ်ပြန်ပါတယ်။ သြဂုတ် ၂၆ ရက် မနက် ၁၀ နာရီခွဲလောက်က တပ်မတော်စစ်ကြောင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်စဉ်  ကေအိုင်အေ အင်အား ၁၀ ဦးလောက်နဲ့  တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်ထပ် နေရာတခုမှာလည်း ကေအိုင်အေ အင်အား ၁၅ ဦးလောက်နဲ့  ထပ်မံတွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အသေအပျောက် ဒဏ်ရာရသူရှိမရှိတော့ မသိရသေးပါဘူး။ သြဂုတ် ၂၅ ရက်နေ့ကလည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ ကွန်ဟိန်းအခြေစိုက် ခလရ ၂၄၆ လက်အောက်ခံ အစိုးရတပ်ဖွဲ့ ရင်ဆိုင်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။ အလားတူ နမ့်ဆန်မြို့နယ်၊ နမ့်ခေးကျေးရွာနဲ့ တောင်ရိုးဘုရားကြားမှာ သြဂုတ် ၂၅ ရက်နဲ့ ၂၆ ရက်က တအာင်းတပ်ရင်း ၄၃၄ နဲ့ မြန်မာ့တပ်မတော် တပ်မ ၇၇ တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) က သတင်းထုတ်ပြန်ထားပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆို လက်မှတ်ရေးထိုးရေး ဆွေးနွေးကြိုးပမ်းနေချိန် အောက်ခြေမှာ နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024