အပြောင်းအလဲအတွက် မဲပေးကြပါခင်ဗျား

လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူ့ကို၊ ဘယ်ပါတီကို မဲပေးမလဲ။ ဆက်ဖတ်ဖို့ မလိုတဲ့သူက များမှာပါ။ ကျနော်က ဘယ်ပါတီအတွက် မဲဆွယ်မလဲကို သိကြပြီး ဖြစ်လို့ပါ။ ဒါပေမယ့် ကျနော် သည်လိုစာရေးတာ အချိန်အတော် နောက်ကျတာကို သတိထားမိမှာပါ။ “ဦးဘယ်သူ၊ ဒေါ်ဘယ်သူ ကိုယ်စားလှယ်ဖြစ်ဖြစ် အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ အနိုင်ရရှိရေးကို တတ်စွမ်းသရွေ့ လုပ်ပါမယ်” လို့ ဆိုရှယ်မီဒီယာကနေရော ပါတီကို တရားဝင်စာနဲ့ပါ ရေးခဲ့တာ ၆ လ မကတော့ပါ။ ဒီကြားထဲမှာ ထင်မထားတာတွေ အတော်လေး ဖြစ်ခဲ့တယ်။ အာဏာယူပါတီထဲမှာက တမျိုး၊ အန်အယ်လ်ဒီကိုယ်စားလှယ် ရွေးတာကလည်း ဟိုးလေးတကြော်။ သဘောထားပေးပါလို့ ပြောတာကို စကားလုံး ရွေးနေပါတယ်လို့ ပြန်ဖြေခဲ့ရတယ်။ အဲဒါဟာ ပါတီရွေးဖို့ အချိန်ယူခဲ့တာ မဟုတ်ပါ။ ဒေါ်စုကတော့ “ပါတီအမှတ်တံဆိပ်ကိုသာ ကြည့် မဲပေးပါ” လို့ ပြောထားတယ်။ ပါတီဥက္ကဋ္ဌက ပြောထားပြီးမှ ဘာထပ်ရေးစရာလိုသလဲမေးရင် ကျနော်က ဒေါ်စုမဟုတ်ပါ။ ပြောချင်တာက အဲဒါသာမကပါ။ အငြင်းပွားစရာတွေ များနေတဲ့ အန်အယ်လ်ဒီကိုသာ မယိမ်းမယိုင် ကျောက်စာတိုင်လို မဲပေးပါလို့ ပြောတာအပြင် “ဘာလို့ တခြားပါတီကို မဲမပေးသင့်သလဲ” ကိုပါ စဉ်းစားစေချင်ပါတယ်။ ဥပမာတခု တင်ပြပါရစေ။ ပုလဲမှာ အရွေးခံမယ့် အန်အယလ်ဒီက ဒေါ်ခင်စန်းလှိုင်က ၁၉၉ဝ ကတည်းက ကျနော်နဲ့ လက်တွဲလုပ်ခဲ့သူ ဖြစ်တယ်။ သူက ပုလဲသူ မဟုတ်ပါ။ ပြည်ခိုင်ဖြိုးဝန်ကြီး ပုလဲနယ်သား ဦးကျော်ဆန်းကတော့ ကျနော်နဲ့ အမျိုးမကင်းပါ။ ဒါပေမယ့် သူနဲ့ ကျနော်က နိုင်ငံရေးမှာ အဖြူနဲ့ အမည်း မတူ ကွဲပါတယ်။ ဒေါ်ခင်စန်းလှိုင်ကို မြို့နယ်အဆင့် ပါတီထဲမှာ ၁ဝဝ ရာခိုင်နှုန်း ထောက်ခံမှု မရတာလဲ သိပါတယ်။ သူ့အစား တခြားပုဂ္ဂိုလ် ဖြစ်နေလည်း ရာနှုန်းပြည့်ရမှာ မဟုတ်ပါ။ ကျနော်ကိုယ်တိုင်လည်း ၁၉၉ဝ တုန်းက ရွာ ၃ ရွာမှာ ရှုံးခဲ့ပါတယ်။ “၂ဝ၁ဝ တုန်းက အန်အယ်လ်ဒီ ဝင်မပြိုင်လို့သာ ဦးကျော်ဆန်းရတယ်တဲ့” ပြောတာကို ငြင်းနိုင်ရင် ငြင်းပါ။ ၂ဝ၁၂ မှာ ဦးကျော်ဆန်းရဲ့အမျိုးကို မဲမပေးကြတော့ဘဲ ဒေါ်ခင်စန်းလှိုင်ကိုသာ မဲပေးခဲ့တာကိုကြည့်ရင် မဲပေးသူတွေက ပြည်ခိုင်မဖြိုးကြတော့တာ သေချာတယ်။ ပုလဲက နမူနာပါ။ တခြားနေရာတွေလည်း အတူပါ။ ပြောင်းလဲဖို့ အချိန်တန်ပြီ အန်အယ်လ်ဒီ ရွေးကောက်ပွဲ မဲဆွယ်ဆောင်ပုဒ် “ပြောင်းလဲဖို့ အချိန်တန်ပြီ” ပေါ်လာတယ်။ အမေရိကန်သမ္မတ အိုဘားမားက ၂ဝဝ၈ ရွေးကောက်ပွဲကမ်ပိန်းမှာ အောင်အောင်မြင်မြင် အသုံးချခဲ့တဲ့ “ချိန်း” နဲ့ တူပါတယ်။ အိုဘားမားက အပြောင်းအလဲဆိုတာ တချိန်ချိန်ကို ဖြစ်ဖြစ် တယောက်ယောက်ကို ဖြစ်ဖြစ် စောင့်နေလို့တော့ မရဖူး၊ အခု ကျနော်တို့ အရယူရမယ်လို့ ဆက်ပြောပါတယ်။ အိုဘားမား ပိုစတာ “မျှော်လင့်ချက်” ဆိုတာ အတော်အောင်မြင်ခဲ့ပါသေးတယ်။ ကနေ့ မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက်ဟာ ပြည်ခိုင်ဖြိုး မဟုတ်တာ သေချာပါတယ်။ မျှော်လင့်ချက်ဆိုတာ အသစ်ကို မျှော်တာပါ။ အာဏာသိမ်းတဲ့ အကျင့်ပါနေတဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ရွေးကောက်ပွဲကမ်ပိန်းအဖြစ် အချင်းချင်း စစ်ခင်းပြလိုက်တယ် မဟုတ်ပါလား။ အာဏာသိမ်းတာက မျှော်လင့်ချက် မဟုတ်ပါ။ စစ်ခင်းခြင်းဟာ မျှော်လင့်စရာ မဟုတ်ပါ။ စာနာမှုမဲ ရွေးကောက်ပွဲမတိုင်ခင် အရွေးခံမယ့်သူမှာ သနားစရာ တစုံတခု ဖြစ်လို့ စာနာစိတ်နဲ့ ပေးကြတာကို စာနာမှုမဲလို့ ခေါ်ပါတယ်။ ဘရာဇီးလ်မှာ ၂ဝ၁၄ တုန်းက သမ္မတရွေးပွဲမတိုင်ခင်မှာ ဆိုရှယ်လစ်ပါတီက သမ္မတလောင်း ဒွါဒို ကမ်ပို့စ် လေယာဉ် ပျက်ကျပြီး သေဆုံးသွားတဲ့အခါ သူ့တွဲဘက်ဒု-သမ္မတလောင်း မာရီယာ ဆဲလ်ဗားဟာ ထိပ်ဆုံးကို ရောက်လာခဲ့တယ်။ ပြည်ခိုင်ဖြိုးက ဦအောင်သောင်း ကွယ်လွန်သွားတာမို့ သူ့နယ်မှာ လာအရွေးခံမယ့် နောက်လူက စာနာမှုမဲတချို့ ရစရာအကြောင်းတော့ ရှိတယ်။ ဒါပေမယ့် အဲလိုမဲတွေဟာ နိုင်ငံရေး မဆန်ပါ။ ထမင်းစားချိန်မှာ ရောက်လာတဲ့ ဧည့်သည်ကို ထမင်းကျွေးသလိုသာ ဖြစ်တယ်။ ကျနော်က ထမင်းရှင်နဲ့ ဧည့်သည် ခွဲခြားနိုင်တဲ့ နိုင်ငံရေးကို ရောက်စေချင်ပါပြီ။ လွှတ်တော်ကိုယ်စားလှယ် အမတ်တယောက်ကို မဲပေးသူအရေအတွက် အတော်မတူပါ။ ၁၉၉ဝ တုန်းက လူဦးရေ ၁ သိန်းအောက်မှာ အမတ် ၁ ယောက် သတ်မှတ်ခဲ့တယ်။ အခု တမျိုး ဖြစ်တယ်။ မဲဆန္ဒနယ် သေးသေးလေးကနေ အရွေးခံရသူလည်း အမတ်ပဲ။ ဥပမာ ကယားပြည်နယ်ကို ကြည့်ပါ။ မြို့နယ်ပေါင်း ၇ ခုသာ ရှိတယ်။ အမျိုးသားလွှတ်တော် အမတ်အရေအတွက် ၁၁ ယောက်ရတယ်။ နောက်ပြီး အမတ်ရယ်လို့ ဖြစ်လာတာနဲ့ ပြည်ထောင်စုဝန်ကြီးအထိ ဖြစ်နိုင်တယ်။ ဒီထက်ပိုပြီး သြဇာအာဏာကြီးတဲ့ သမ္မတရုံးဝန်ကြီးလည်း ဖြစ်နိုင်တယ်။ သူ့ကို မဲပေးလိုက်သူ အရေအတွက်ဟာ ထောင်ဂဏန်း သေးသေးလေးသာ ရှိတယ်။ မြင်သာအောင် ပြောပါရစေ။ သူကြီးတယောက်ကို တူမီးသေနတ်တလက် ပေးရင် သူ့ရွာမှာ မီးသေတယ်။ စွာတဲ့သူကြီးဆို ပွိုင့်တူတူးတလက်ပေးရင် ရေရော မီးရော သေတယ်။ ကျနော်က လူသတ်လက်နက်ခေတ်ကနေ အခု ပြောင်းလာတဲ့ တောပစ်သေနတ်ခေတ်ကိုပါ အဆုံးသတ်ချင်တယ်။ ရွေးကောက်ပွဲကြော်ငြာ ရွေးကောက်ပွဲမှာ ကြော်ငြာနည်း ၂ မျိုး ရှိတယ်။ တမျိုးက ကိုယ့်ပါတီအတွက် ကြော်ငြာကြတယ်။ နောက်တမျိုးက ပြိုင်ဘက်ကို တိုက်ခိုက်တဲ့ ကြော်ငြာဖြစ်တယ်။ ၁၉၉ဝ တုန်းက ကျနော့်ပုလဲမှာ ပြိုင်ဘက် တစည ပါတီကနေ ညအချိန် လူခြေတိတ်မှာ ကျနော့်ကို တိုက်ခိုက်တဲ့ ကက်ဆက်တိပ်ခွေတွေ အသံချဲ့စက်နဲ့ ဖွင့်တယ်။ ကျနော်က မြို့နယ်ဆရာဝန်လုပ်ရာကနေ နိုင်ငံရေးလုပ်မယ်လို့ အလုပ်က ထွက်ထားတာမို့ ကျနော့်ဆေးရုံမှာ ဆေးဆိုလို့ ပတ္တီးနဲ့ ဂွမ်းပဲရှိတယ်လို့ ပြောဟောတယ်။ အမှန်က မဆလခေတ်မှာ ဆေးရုံတိုင်းမှာ အရှားဆုံးက အရက်ပျံ၊ ပတ္တီးနဲ့ ဂွမ်းဖြစ်တယ်။ ရေတွက်မဲ မဲဟာ ဘယ်နည်းနဲ့ ရလာလာ ရေတွက်ခံရတယ်။ မဲရုံမှူးတွေက ခိုးတဲ့မဲလည်း ရေမှာပဲ။ ၂ဝ၁ဝ တုန်းက ကြိုတင်မဲဆိုတာကို ရေတွက်ခဲ့တဲ့ နမူနာကတော့ ကမ္ဘာသိ ဟိုးလေးတကြော် ဖြစ်ခဲ့တယ်။ လာမယ့် ရွေးကောက်ပွဲကို အီးယူ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအတွက် နားလည်မှုစာချွန်လွှာ ထိုးလိုက်တာကိုကြည့်ရင် မဲပေးတဲ့နေ့မှာတော့ ညစ်စရာ သိသိသာသာ ရှိမှာ မဟုတ်တော့ပါ။ ဒါဖြင့် ဘာလို့လဲ။ အနိုင်အရှုံးစာရင်း ထွက်အပြီးမှာ သမ္မတ ဖြစ်ဖို့နဲ့ အစိုးရ ဖွဲ့နိုင်ရေးအတွက် အကွက်ချထားပြီးဖြစ်လို့ ရုံဖွင့်လိုက်တာပါပဲ။ မဲပေးသူ ရွေးကောက်ပွဲလုပ်ဖို့ ၁ လ၊ ၂ လ အလိုအထိ ဘယ်သူ့ကို မဲပေးရမှန်း မသိသေးသူတွေက မနည်းလှပါ။ အဲဒါမျိုးက နိုင်ငံတိုင်း၊ ရွေးကောက်ပွဲတိုင်းမှာ ရှိပါတယ်။ ဆုံးဖြတ်ချက် မချရသေးတဲ့သူတွေဟာ မဲရုံဖွင့်တဲ့နေ့အထိ ရှိတယ်။ တချို့လည်း မဲပုံးရှေ့ရောက်တဲ့အထိ။ များသောအားဖြင့် သူတို့ဟာ နိုင်ငံရေးထဲမှာ ကိုယ်တိုင်ကိုယ်ကျ မပါကြသူတွေ ဖြစ်တယ်။ တချို့ရွေးကောက်ပွဲမှာ ဟိုလိုလို သည်လိုလို လူတွေရဲ့မဲက အဆုံးအဖြတ်ကျတတ်တယ်။ သူတို့ဟာ အရေးပါလို့ ရွေးကောက်ပွဲကမ်ပိန်း လုပ်သူတွေက အလေးထားရတယ်။ နောက်အယူအဆတခုကတော့ အဲလို ကိုယ့်အကြိုက်ကို မရွေးနိုင်သူတွေကို လူပြိန်းတွေလို့ ခေါ်တယ်။ ဒါပေမယ့် သူတို့ဟာ တခြားဂြိုဟ်ကနေ လာကြသူတွေ မဟုတ်ပါ။ သူတို့ကတော့ တလံအကွာလောက်သာ ကြည့်ကြလိမ့်မယ်။ အရှည်ကြည့်တဲ့ကာလ ရောက်စေချင်ပါတယ်။ ယိမ်းယိုင်မဲ မထင်မှတ်တဲ့ဘက်ကို မဲပေးသူတွေကို ယိမ်းယိုင်မဲလို့ ခေါ်တယ်။ နိုင်ငံရေးပါတီ ၂ ခုစနစ်ရှိတဲ့ အမေရိကမှာ သိသာတယ်။ သူတို့ကြောင့် အနိုင်အရှုံးရလဒ်ကို ပြောင်းစေနိုင်တယ်။ အမေရိကန်သမ္မတ ရီပတ်ဘလီကင်ပါတီက ရီဂင်ကို မဲပေးခဲ့တဲ့ ဒီမိုကရက်တစ် အမတ်တွေကို (ရီဂင် ဒီမိုကရက်) လို့ခေါ်တယ်။ ဒီမိုကရက်သမ္မတ ကလင်တန်ကို မဲပေးတဲ့ ရီပတ်ဘလီကင် အမတ်တွေကို (ကရင်တန် ကွန်ဆာဗေးတစ်) လို့ ခေါ်တယ်။ အဲဒီနမူနာတွေက အမတ်တွေကြားမှာ ဖြစ်တယ်။ မဲပေးသူတွေကြားမှာလည်း အဲလို ဖြစ်နိုင်တယ်။ မြန်မာပြည်က ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီမှာ အဓိကပါတီကြီး ၂ ခုထဲမှာ ဝေဖန်ထောက်ပြစရာတွေ ဟိုးလေးတကျော်ဖြစ်ထားလို့ ပါတီထောက်ခံသူတွေထဲကနေ ယိမ်းယိုင်စရာအကြောင်းတွေ ရှိစေပါမယ်။ အန်အယ်လ်ဒီထဲကနေ ထွက်သူတွေ၊ ထုတ်ခံရသူတွေ၊ အခဲမကျေသူတွေ ရှိသွားစေခဲ့တယ်။ လက်စားချေမဲတွေ ပေးကောင်းပေးကြမယ်။ အရေအတွက်တော့ များရာအကြောင်း မရှိပါ။ ပုလဲကိုပဲ ဥပမာထပ်ပေးပါရစေ။ အန်အယ်လ်ဒီကနေ ကိုယ်စားလှယ် အရွေးခံဖို့ လျှောက်လွှာတင်ခဲ့သူ ၃ ယောက်ဟာ ပါတီကနေ အရွေးမခံရတော့ အမျိုးသားတိုးတက်ရေးပါတီက ကောက်စားတာကို ခံလိုက်ကြတယ်။ ဘုရင်တင်မြှောက်နိုင်သူ ရွေးကောက်ပွဲပြီးလို့ ဘယ်ပါတီကမှ အပြတ်အသတ် မနိုင်တဲ့အခါ ပါတီသေးလေးတွေက (ကင်းမိတ်ကာ) ဆိုပြီး နောက်တက်မယ့်အစိုးရဟာ သူတို့ကနေသာ ရွေးပေးသလို ဖြစ်စေတယ်။ ဒီဖြစ်စဉ်မျိုး ၂ဝ၁၅ အပြီးမှာ ဖြစ်စရာမရှိပါ။ ဒါကြောင့် ဖွဲ့စည်းပုံပြင်ရေးတုန်းက ပုဒ်မ ၁ဝ၉ (ခ) နဲ့ ၁၄၁ (ခ) တို့ကို တချက်လွှတ်အမိန့်နဲ့ ပြင်လို့မရခဲ့တာ ဖြစ်တယ်။ တကယ်လို့ ပြည်ခိုင်ဖြိုးက စစ်မဲနဲ့ ပေါင်းတာတောင် မဲအရေအတွက် နည်းနည်းလိုနေရင် ကြေးများများမတောင်းဘဲ လာပေါင်းကြမယ့်ပါတီတွေ ရှိမယ်။ အဲဒါကို အပေါစား ကြေးစားနိုင်ငံရေးလို့ ခေါ်တယ်။ ဗိုလ်ချုပ်ပြောခဲ့တာ ဖြစ်နေပြီ။ ကောက်ရိုးမီးမဲ မြန်မာနိုင်ငံသားတွေ ကောက်ရိုးမီးနဲ့ တူတယ်လို့ ကိုယ့်ကိုယ်ကိုယ်ပဲ ပြောကြတယ်။ အဲဒီသုံးသပ်ချက်က အခုထိမှန်တယ်။ ဝုန်းကနဲ ထလောင်တယ်။ ရှဲကနဲ ငြိမ်းသွားတယ်။ ရွေးကောက်ပွဲနီးမှ လမ်းပြင်ပေးနည်း၊ ဒန်ပေါက်ကျွေးနည်း၊ မီးရအောင်လုပ်ပေးနည်းတွေဟာ မရိုးနိုင်တဲ့ လက်သုံးရွေးကောက်ပွဲနည်းနာတွေ ဖြစ်နေဆဲပဲ။ အဲဒီနည်းတွေကို လက်ရှိသမားတွေက နှစ်ပန်းသုံးပန်းသာတယ်။ ကောက်ရိုးကို မီးတင်ရှို့ကြလိမ့်မယ်။ အကွဲအပြဲ ပြည်ခိုင်ဖြိုးဟာ သန်းခေါင်ယံမှာ ထက်ခြမ်းကွဲတာကို မျက်ဝါးထင်ထင် တွေ့လိုက်ကြရတယ်။ သူတို့က ကံကောင်းတယ် ပြောရမယ်။ သူတို့ထဲကနေ အန်အယ်လ်ဒီဘက်ကို မဲစင်ထွက်လာစရာ မရှိပါ။ ၁၉၅၈ ခုနှစ်က (ဖဆပလ) ၂ ခြမ်း ကွဲတာကို သတိရမိတယ်။ အဲသည်တုန်းက စစ်တပ်က ထောက်ခံတဲ့ပါတီဟာ မရှုမလှ ရှုံးနိမ့်ခဲ့ပါတယ်။ ချီလီဥပမာ ၁၉၈၈ တုန်းက ချီလီမှာ အာဏာရှင် ဗိုလ်ချုပ်ကြီး (သြဂတ်စတို ပီနိုချေး) ဟာ သူ့ကို အတိုက်အခံပြုသူတွေကို ဖမ်းဆီး ထောင်ချ သတ်ပစ်နေခဲ့တယ်။ နောက်ဆုံးမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်မယ်လို့ ကြေညာလိုက်တယ်။ အောက်တိုဘာ ၅ ရက် မတိုင်ခင်မှာ အတိုက်အခံတွေကို တီဗွီကနေ နေ့စဉ် ၁၅ မိနစ်စီ ပြောခွင့်ပေးတယ်။ ချီလီ ခရစ်ယာန် ဒီမိုကရက်တစ်ပါတီက ဆန်းသစ်တဲ့ မဲဆွယ်နည်းကို တီထွင်ပြီး အသုံးပြုလိုက်တယ်။ (ပီနိုချေး) ကို ပြင်းထန်မာကျောတဲ့ စကားလုံးတွေနဲ့ တိုက်ခိုက်မယ့်အစား ကြည့်ရှုနားဆင်သူတွေကို ပျော်မြူးစေမယ့် နည်းလမ်းကို သုံးလိုက်တယ်။ ဆန္ဒခံယူပွဲမှာ မဲပေးသူပေါင်း ၇ ဒသမ ၂ သန်းထဲက ၃ ဒသမ ၉၆ သန်းကနေ ပီနိုချေးကို ဆန့်ကျင်မဲပေးခဲ့လို့ ၁၉၇၃ ကတည်းက အုပ်ချုပ်လာခဲ့တဲ့ အာဏာရှင်ကြီးဟာ ၁၉၉ဝ မှာ ဆင်းပေးရတော့တယ်။ အချုပ် - အနုပညာရှင်တွေကို အားကိုးပါရစေ။ - (ဖဆပလ) အကွဲမှာ စစ်တပ်ကနေ တဖက်သတ်ထောက်ခံပြီး ရှုံးခဲ့တဲ့ပါတီဟာ (တည်မြဲ) ဆိုတဲ့ နာမည်ကို ယူခဲ့တယ်။ အခုကော ဘယ်လောက်ခိုင်ဖြိုးသလဲ မြင်ကြရပါတော့မယ်။ - အပြောင်းအလဲလိုချင်ရင်တော့ အဝတ်အစားနဲ့ နာမည်သာပြောင်းပြီး အာဏာ ဆက်ယူနေတဲ့ ပါတီကို မဲမပေးပါနဲ့။ - တိုင်းရင်းသားဒေသတွေမှာလည်း ဒေသခံလူမျိုးချင်း အတူတူဆိုရင် အန်အယ်လ်ဒီ ကိုယ်စားလှယ်ကိုသာ မဲပေးကြပါ။ - ပါတီအလံတွေ၊ တံဆိပ်တွေကိုကျော်ပြီး အနာဂတ်နိုင်ငံတော်ကိုသာ မျှော်ပြီး မဲပေးပါခင်ဗျား။ ဒေါက်တာတင့်ဆွေ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up