Home
မြန်မာသတင်း
ထိုင်း-မြန်မာ အထူးစီးပွားရေးဇုန် စတင်ဆောက်လုပ်၊ အလုပ်သမား အများအပြားလိုအပ်
DVB
·
August 27, 2015
ထိုင်း-မြန်မာ နယ်စပ်မှာ အထူးစီးပွားရေးဇုန် စတင်ဆောက်လုပ်နေပြီး အလုပ်သမား အများအပြား လိုအပ်နေတယ်လို့ အထူးစီးပွားရေးဇုန်မြို့ တည်ဆောက်ရေး ဒါရိုက်တာ နိုင်းကြာရုလိုက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်က အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားတဲ့ နေရာမှာ နယ်စပ်ဖြတ်ကျော်တံတား အမှတ် ၂ ကို လာမယ့် သြဂုတ် ၃၀ ရက်နေ့ စတင်ပန္နက်ရိုက်မှာ ဖြစ်ပြီး လိုအပ်တဲ့ အဆောက်အဦတွေကို ထိုင်းဘက်မှာ စတင်ဆောက်လုပ်နေပါတယ်။ အထူးစီးပွားရေးဇုန်တရပ်အနေနဲ့ ထိုင်းဘက်က အမြန်ဆုံး၊ အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ပေါ်လစီ ချမှတ်ထားပြီး ထိုင်း-မြန်မာနယ်စပ်မှာ မဲဆောက်မြို့နဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ စကရောက်မြို့တို့မှာ အဓိကထား ဆောက်လုပ်သွားမယ်လို့ အထူးစီးပွားရေးဇုန်မြို့ တည်ဆောက်ရေး ဒါရိုက်တာက ပြောပါတယ်။ နယ်စပ်အထူးစီိးပွားရေးမှာ လာရောက်ရင်းနှီးမယ့် စီးပွားရေးသမားတွေအတွက် သူတို့နဲ့ အတူပါလာမယ့် စက်ယန္တရားတွေကို အခွန်ကင်းလွတ်ခွင့်နဲ့ စက်ရုံ၊ အလုပ်ရုံ တည်ဆောက်ပြီး ပထမဆုံး ၄၊ ၅ နှစ် အခွန်ကင်းလွတ်ခွင့်တွေကို ထိုင်းနိုင်ငံဘက်က ပေးမယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဒု-အုပ်ချုပ်ရေးမှူး နိုင်းစုထားကတော့ ရွှေပြောင်းအလုပ်သမားတွေ မနက်လာ၊ ညနေပြန်တာမျိုးကို ဗီဇာမလိုအပ်ဘဲနဲ့ သွားလာနိုင်မလား၊ ဒါမှမဟုတ် ရက်ပေါင်း ၉၀ လက်မှတ် ပြုလုပ်ပေးနိုင်မလား၊ ဒါမှမဟုတ် ရက် ၃၀ နေထိုင်ခွင့် ပေးနိုင်မလား စတဲ့ အခြေအနေမျိုးတွေကို  ဆွေးနွေးနေဆဲဖြစ်ပြီး အဲဒီအလုပ်သမားတွေရဲ့ ကျန်းမာရေး အပါအ၀င် အလုပ်သမား အခွင့်အရေး အပြည့်အ၀ ရရှိရေးတွေကိုလည်း ထည့်သွင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အာဆီယံ စီးပွားရေးဇုန်ထဲမှာ မြန်မာနိုင်ငံက မြ၀တီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ ပါဝင်နေပြီး အဲဒီအတွက် အာရှလမ်းမသစ် အပါအ၀င် မြ၀တီ-မဲဆောက် နယ်စပ်ဖြတ်ကျော်တံတား အမှတ် ၂ တို့ကို တည်ဆောက်နေတာပါ။ တံတားအမှတ် ၂ အပြင် အဲဒီတံတားနဲ့ ဆက်စပ်တဲ့ ၂ နိုင်ငံစလုံးမှာ စီးပွားရေး အဆောက်အဦတွေဖြစ်တဲ့ စူပါမားကက်တွေ၊ ဟိုတယ်တွေနဲ့ နိုင်ငံတကာက အလုပ်ရုံးခန်းတွေ  ပါဝင်တဲ့ အာဆီယံ စီးပွားရေး အဝန်းအဝိုင်းတခုကိုပါ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024