ဟန်ဂေရီ သံဆူးကြိုးအရံအတားကို ကျော်ဝင်သည့် ရွှေ့ပြောင်းနေထိုင်သူများ (ရုပ်သံ)

3.8K
ဆားဘီးယားနိုင်ငံတလွှား ခရီးဆက်ခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဟန်ဂေရီ နယ်စပ်ဒေသဆီ သြဂုတ် ၂က် မနက်ထိ ၀င်လာနေကြပါတယ်။
လူတချို့ကတော့ ရဲစစ်ဆေးမှုကို ရှောင်ဖို့ နယ်စပ်တလျှောက် ကာထားတဲ့ သံဆူးကြိုး အရံအတားကို ဖြတ်ကျော်နေကြပါတယ်။
ဟန်ဂေရီ အာဏာပိုင်တွေက ဆားဘီးယားနဲ့ နယ်စပ်တလျှောက် နိမ့်တဲ့ သံဆူးကြိုး အရံအတားကို ချထားပြီး ဆောက်လုပ်ရေး လုပ်သားတွေကတော့ အမြင့် ၃ မီတာခွဲရှိတဲ့ ခြံစည်းရိုးကို ပြီးစီးအောင် အမြန်ဆောက်နေရတာပါ။
အကဲခတ်တွေကတော့ ဟန်ဂေရီနိုင်ငံထဲကို ဝင်ခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ အများအပြားဟာ အချိန်ဆွဲမနေဘဲ လုံခြုံရေးနဲ့ အလုပ်အကိုင်ရှာဖို့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ ပူးပေါင်းနိုင်မယ့် သြစတြီးယား၊ ဂျာမနီနဲ့ ဆွီဒင်လို နိုင်ငံတွေဆီရောက်ရေး ပိုင်းဖြတ်ထားတယ်လို့ ထောက်ပြပါတယ်။
သြဂုတ် ၂၄ ရက်နေ့က ရွှေ့ပြောင်းနေထိုင်သူ ၂၀၉၃ ဦး ရောက်လာခဲ့လို့ ရောက်ရှိနှုန်းက ဒီနှစ်အတွင်း ၁ ရက်ချင်းရောက်နှုန်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။
လူအများအပြားက ဆားဘီးယားနဲ့ ဟန်ဂေရီ ၂ နိုင်ငံကြား ကာရံထားတဲ့ မိုင် ၁၁၀ ရှည်တဲ့ သံဆူးကြိုးကို ဖြတ်ကျော် ဝင်ရောက်ခဲ့ကြတာပါ။
အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနဲ့ အာရှဒေသတွေက လက်နက်ကိုင် ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုကနေ ထွက်ပြေးလာသူတွေဟာ မြောက်ပိုင်းကို သင်္ဘောတွေ၊ ဘတ်စ်ကားတွေနဲ့ တဆင့် ဝင်လာကြပြီး ဂရိ၊ မက်ဆီဒိုးနီးယားနဲ့ ဆားဘီးယားနိုင်ငံတွေကို ဖြတ်ကျော်ရင်း ပိုချမ်းသာတဲ့ ဥရောပနိုင်ငံတွေဆီကို သူတို့တတ်နိုင်သမျှ အမြန်ဆုံး ပြောင်းရွှေ့ ဝင်လာနေကြပါတယ်။