Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော် ရပ်နား
ရွှေအောင်
·
August 27, 2015
ရေဘေးနဲ့ အာဏာရကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်အပြောင်းအလဲ ဂယက်အတွင်း ပြန်လည်စတင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို ဒီကနေ့  ရပ်နားလိုက်ပါတယ်။ လက်ရှိကျင်းပနေတဲ့ ၁၂ ကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွေကို သြဂုတ် ၂၇ရက် ဒီနေ့မှာ ရပ်နားလိုက်တဲ့အကြောင်း လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။ သြဂုတ် ၁၈ ရက်မှာ ပြန်ကျင်းပတဲ့ လွှတ်တော် နှစ်ရပ်အနက် အမျိုးသားလွှတ်တော်က လွှတ်တော်ကျင်းပပြီး နောက်တနေ့မှာ ရပ်နားခဲ့ပြီး ပြည်သူ့လွှတ်တော်ကတော့ ၇ ရက်ကျင်းပပြီး ရပ်နားလိုက်တာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကို သြဂုတ် ၂၈ မှာ ရပ်နားမယ်လို့လည်း  လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့လွှတ်တော်မှာပဲ ပြောခဲ့ပါတယ်။ သူရဦးရွှေမန်းက ရွေးကောက်ပွဲကြိုကာလ၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲလွန်ကာလတွေမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိအောင် အားလုံးပါဝင်လုပ်ဆောင်ကြဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းခဲ့ပါတယ်။ ဒီလို ၀ိုင်းမလုပ်ကြရင် တိုင်းပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တနည်းမဟုတ်တနည်း ထိခိုက်ပြီး နာကျင်ခံစားရမှာက ပြည်သူတွေပဲဖြစ်တယ်လို့ သတိပေး ပြောခဲ့ပါသေးတယ်။ သြဂုတ် ၁၈ ရက် လွှတ်တော်အရပ်ရပ်ပြန်မစခင် အာဏာရပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဂယက်ကြောင့် ဒီတကြိမ် ပြန်ကျင်းပခဲ့တဲ့ လွှတ်တော်တွေအပေါ် လူထုကစောင့်ကြည့်ခဲ့ပြီး ပါတီတွင်းပြဿနာတွေ လွှတ်တော်ထဲယူမလာဖို့ လွှတ်တော်နာယကက သတိပေးခဲ့ရပါတယ်။ ဒီတကြိမ်လွှတ်တော်တွင်း ဥပဒေကြမ်း ၉၆ ခုအနက် ၈၀ ကို ဆွေးနွေးနိုင်ခဲ့ပြီး ၁၆ ခုကတော့ လွှတ်တော်ထဲ ဆွေးနွေးဆဲဖြစ်တယ်လို့ လွှတ်တော်အကြီးအကဲရဲ့မိန့်ခွန်းမှာ ဖော်ပြထားပါတယ်။ လက်ရှိ လွှတ်တော်အရပ်ရပ်ရဲ့ သက်တမ်းဟာ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီ ၃၁ ရက်ထိ ကျန်ရှိနေပြီး နိုဝင်ဘာ ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်တွေပြန်စဖို့ ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024