A d v e r t i s e m e n t With Us

ရုပ်သံသတင်းထောက် ၂ ဦး တိုက်ရိုက်တင်ဆက်နေစဉ် ပစ်သတ်ခံရ (ရုပ်သံ)

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှာ ရုပ်သံသတင်းထောက် ၂ ဦး သြဂုတ် ၂၆ ရက် မနက်က ရုပ်သံလူတွေ့ မေးမြန်းခန်းကို တိုက်ရိုက်တင်ဆက်နေတုန်း အသေပစ်သတ်ခံရတယ်လို့ ရုပ်သံဌာနက ပြောပါတယ်။ ဒေသစံတော်ချိန် မနက် ၆ နာရီ ၄၅ မိနစ်မှာ ဘဒ်ဖို့ဒ်မြို့နယ်မှာ သေနတ်သံတွေကို ကြားရပြီး သတင်းထောက်ရော သူ လူတွေ့မေးမြန်းနေတဲ့သူပါ အော်ဟစ်သံ ကြားခဲ့ရတာပါ။ အသက် ၂၄ နှစ်အရွယ် သတင်းထောက် အလီဆန် ပါကာနဲ့ သူ့ရဲ့ ကင်မရာသမား အသက် ၂၇ နှစ်အရွယ် အဒမ် ဝ့ါဒ်တို့ သေဆုံးတယ်လို့ ဗာဂျီးနီးယားပြည်နယ် ရောင်နိုခီ မြို့နယ်က WDBJ7 ရုပ်သံဌာနက ပြောပါတယ်။ သူတို့ ၂ ယောက်ဟာ မနက်ခင်း သတင်းအစီအစဉ်အတွက် ဈေးဝယ်နဲ့ အပန်းဖြေဖို့ ဆောက်ထားတဲ့ ဘရစ်ခ်ျဝါ့တား ပလာဇာမှာ သတင်းဆောင်းပါးအတွက် ရုပ်သံ ရိုက်ကူးနေခဲ့တာပါ။ သူတို့ ၂ ယောက်လုံးမှာ သူတို့နဲ့ လက်ထပ်ဖို့ စေ့စပ်ထားသူတွေလည်း ရှိတယ်လို့ ရုပ်သံက အစီရင်ခံခဲ့ပါတယ်။ သူတို့ကို သတ်ခဲ့တဲ့သူဟာ ဗက်စ်တာ ဖလာနာဂံ ဆိုသူဖြစ်ပြီး လက်တဘက်က သေနတ်ကို ကိုင်ပြီး ကျန်တဲ့ လက်တဘက်က ကင်မရာကိုကိုင်ရင်း သတ်ဖြတ်ဖို့ ချဉ်းကပ်ပြီး ပစ်ခတ် သတ်ဖြတ်ပုံကို ရုပ်သံ ရိုက်ကူးခဲ့တာပါ။ အဲဒီနောက် ဖေ့စ်ဘွတ်နဲ့ တွစ်တာ လူမှုကွန်ရက်တွေမှာ ရုပ်သံကို တင်ခဲ့ပါတယ်။ သူဟာ အသတ်ခံရသူ ၂ ယောက်နဲ့ စီဘီအက်စ် ရုပ်သံဌာနမှာ အတူတူ လုပ်ဖော်ကိုင်ဘက် ဖြစ်ဖူးပြီး အလီဆန်ဟာ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်မျိုး ပေးခဲ့ဖူးတယ်လို့ တွစ်တာ လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။ စာမျက်နှာ ၂၃ မျက်နှာပါတဲ့ ခံဝန်ချက်ကို အေဘီစီ သတင်းဌာနဆီ ညတွင်းချင်း ဖက်စ်ပေးပို့ခဲ့ပြီး ရဲတွေက သူ့နောက်ကို လိုက်ချိန်မှာ သူ့ကိုယ်သူ သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်ခဲ့ပါတယ်။ ဒါပေမယ့် မသေခဲ့ဘဲ အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ နယူးယောက်ပို့စ် သတင်းဌာနက အစီရင်ခံထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up