အတန်းဖော်များကို ဓားစာခံအဖြစ် ဖမ်းဆီးထားသည့်ကျောင်းသား ရဲထံအဖမ်းခံ(ရုပ်သံ)

1.3K
အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယားပြည်နယ်က အထက်တန်းကျောင်းသား တယောက်ဟာ ပစ္စတိုသေနတ် တလက်ကို သုံးပြီး ဆရာနဲ့ အတန်းဖော် ကျောင်းသား ၂ ဒါဇင်ကျော်ကို ကျောင်းဝင်းထဲမှာ ဓားစာခံ ဖမ်းထားအပြီး သြဂုတ် ၂၅ ရက်နေ့က အဖမ်းခံခဲ့တယ်လို့ ရဲက ပြောပါတယ်။
ဖိလစ်ပီမြို့ ဖိလစ်ဘာဘာ အထက်တန်းကျောင်းရဲ့ ဒုတိယထပ် စာသင်ခန်းထဲမှာ အသက် ၁၄ နှစ်သား ကျောင်းသားက ဓားစာခံ ဖမ်းထားခဲ့တာလို့ အနောက်ဗာဂျီးနီးယား ပြည်နယ် ရဲက ကြေညာချက် ထုတ်ပြန်ပါတယ်။
ဆရာနဲ့ အတန်းဖော် ၂၇ ဦးကို လွှတ်ပေးဖို့ ညှိနှိုင်းဆွေးနွေးသူတွေက ယောက်ျားလေးကို သိမ်းသွင်းနိုင်ခဲ့ပြီး နောက်ပိုင်းမှာ လက်နက်ချ အဖမ်းခံခဲ့တာပါ။
ဒီအဖြစ်အပျက်မှာ ဒဏ်ရာရသူ မရှိဘူးလို့ ရဲက ပြောပါတယ်။
ကျောင်းသား ၁ ယောက်ရဲ့ အဘွားကတော့ ဘယ်သူမှ ထိခိုက်မှုမရှိတာ ဘုရားသခင်ကို ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
ရဲတွေက အခင်းဖြစ်ချိန်မှာ ကျောင်းကို ပိတ်ထားခဲ့သလို ကျန်တဲ့ ကျောင်းသားတွေကို ဘေးလွတ်ရာ ဘောလုံးကွင်းဆီ ခေါ်ထုတ်သွားခဲ့ပြီး ကျောင်းကားတွေနဲ့ အိမ်ပြန်ပို့ခဲ့တယ်လို့ ပြောပါတယ်။
ဓားစာခံ ဖမ်းထားခဲ့တဲ့ ကျောင်းသားကိုတော့ ဆေးရုံဆီ ခေါ်သွားပြီး ဘာကြောင့် ဒီလို လုပ်ခဲ့တယ်ဆိုတာ ဖော်ထုတ်ဖို့ အာဏာပိုင်တွေက ကြိုးစားနေတယ်လို့ ရဲက ပြောပါတယ်။
ဒီယောက်ျားလေးရဲ့ နာမည်ကိုတော့ အာဏာပိုင်တွေက ထုတ်ဖော် မပြောပါဘူး။
သူ သေနတ်ကို ဘယ်ကရတယ်ဆိုတဲ့ အချက် အပါအဝင် အသေးစိတ်ကိုလည်း အာဏာပိုင်တွေက မပြောသေးသလို ကျောင်းကိုလည်း ဖုန်းနဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
ဖိလစ်ပီမြို့ဟာ ပစ်စဘာ့ဂ်မြို့ တောင်ဘက် မိုင် ၁၃၀ အကွာမှာပြီး လူဦးရေ အယောက် ၃၀၀၀ လောက်ရှိတဲ့ မြို့လေး ဖြစ်ပါတယ်။