နောက်ခံလူ စတုံး အပြောင်းအရွှေ့ တောင်းဆိုချက် အဲဗာတန် ပယ်ချ
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် အဲဗာတန် နောက်ခံလူ ဂျွန်စတုံးရဲ့ အပြောင်းအရွှေ့ တောင်းဆိုချက်ကို အသင်းက ပယ်ချလိုက်ပါတယ်။
ချဲလ်ဆီးအသင်းက ပေါင် သန်း ၂၀၊ ၂၆ သန်း၊ သန်း ၃၀ နဲ့ တဖြည်းဖြည်း တိုးမြှင့်ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက် အသက် ၂၁ နှစ်အရွယ် အင်္ဂလန် နောက်တန်း ကစားသမား စတုံးက အသင်းကနေ ထွက်ခွာဖို့ သြဂုတ် ၂၅ ရက်က တောင်းဆိုထားပါတယ်။
"တခါတလေမှာ ပိုက်ဆံက အရာအားလုံးကို မ၀ယ်နိုင်ပါဘူး၊ ဒါဟာ အဲဗာတန်မှာတော့ အရမ်းကို ခိုင်မာတဲ့ အဆိုတခုပါ” လို့ အဲဗာတန် နည်းပြ မာတီနက်ဇ်က ပြောပါတယ်။
မာတီနက်ဇ်က ချဲလ်ဆီးအသင်းရဲ့ စတုံးကို ၀ယ်ယူရေး ကမ်းလှမ်းချက်ကို ဒေါသထွက်ခဲ့ပြီး အသင်းဥက္ကဋ္ဌက ခိုင်ခိုင်မာမာရပ်တည်ကာ နောက်ခံလူကို အသင်းမှာ ဆက်ရှိအောင် ကြိုးပမ်းနိုင်မယ်လို့ ပြောပါတယ်။
စက်တင်ဘာ ၁ ရက် အပြောင်းအရွှေ့ကာလမပိတ်မီ ချဲလ်ဆီးက ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းဖို့ ရှိနေပါတယ်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီမှာ ဘန်လေကနေ ပေါင် ၃ သန်းနဲ့ အဲဗာတန်ကို ရောက်လာတဲ့ စတုံးဟာ ၂၀၁၄ သြဂုတ်မှာ ၄ နှစ်သက်တမ်းစာချုပ်ကို ထပ်တိုးချုပ်ဆိုထားပါတယ်။